တနင်္သာရီတွင် ကားတစီးကို စစ်တပ်က ပစ် ခတ် ၅ ဦး ဒဏ်ရာရ၊ ပြည်သူ ၃ ဦးကို စစ်တပ်က ဖမ်းဆီး၊ ပုလောမြို့နယ်၌ စစ်ယာဉ်တန်း မိုင်းဆွဲခံရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ် ကားလမ်းမပေါ်ရှိ ကျောက်ရှပ်ကျေးရွာ အနီးမှာ မတ်လ ၅ ရက် ည ၆ နာရီခွဲလောက်က ဆောက်လုပ်ရေးဝန်ထမ်းတွေလိုက်ပါလာတဲ့ ကားတစီးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့  ၅ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပစ်ခတ်ခံရတဲ့ကားဟာ ရေဖြူမြို့ကနေ အပျော်တမ်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတခုမှာ သွားကစားပြီး ပြန်လာတဲ့ကားဖြစ်ပါတယ်။ ကားပေါ်မှာ ကလိန်အောင်မြို့နယ်ရှိ ဆောက်လုပ်ရေးရုံး ၃ ခုက ဆောက်လုပ်ရေးဝန်ထမ်းတွေ အပါအဝင် လိုက်ပါလာသူ ၁၅ ဦးဝန်းကျင်ရှိပြီး ကလိန်အောင်မြို့နယ် ကျောက်ရှပ်ကျေးရွာမရောက်မီ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ တပ်သားတွေက ကားရပ်ခိုင်းရာ ရပ်မပေးလို့ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။

ကလိန်အောင်ဒေသခံ အမျိုးသားတဦးက “ကားသမားက ပေါင်မှာ ထိတယ်၊ လည်ပင်းထိတာက ၁ ယောက်၊ ကျန်တာကတော့ ရှပ်ထိတာ၊ မရမ်းချောင်းရွာက ၂ ယောက်၊ ကလိန်အောင်က ၁ ယောက်၊ ကျောက်ရှပ်က ၂ ယောက်၊ အမျိုးသားက ၄ ဦးနဲ့ အမျိုးသမီးက ၁ ဦး စုစုပေါင်း ၅ ဦး ထိတယ်။ အမည်နဲ့ အသက်တွေကတော့ အတိအကျ မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။

ပစ်ခတ်ခံရပြီးနောက် ဒဏ်ရာရသူတွေကို ကလိန်အောင်မြို့နဲ့ ကျောက်ရှပ်ရွာက လူမှုကူညီရေးအဖွဲ့တွေက ကလိန်အောင်ဆေးရုံကို တင်ပို့ပေးခဲ့ပြီး ဆေးကုသမှု ခံယူနေကြရပါတယ်။

ရေး-ထားဝယ် ကားလမ်းမမှာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲခံရပြီး လကုန်ရက်တွေနဲ့ လဆန်းရက်တွေမှာ ရိက္ခာယာဉ်တန်းတွေ လုံခြုံရေးအတွက် စစ်ကောင်စီတပ်သားတွေ ရေး-ထားဝယ် ကားလမ်းမပေါ်မှာ ကင်းပုန်းဝပ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီယာဉ်တန်းတွေ မိုင်းဆွဲခံရလေ့ရှိတဲ့ ကလိန်အောင်-ထားဝယ် ကားလမ်းပိုင်း တလျှောက်မှာ စစ်ကောင်စီရဲ့ ခမရတပ်ရင်းတွေ တည်ရှိပါတယ်။

ပြီးခဲ့တဲ့ လကလည်း ရေး-ထားဝယ် ကားလမ်းမပေါ်က နှမ်းကျဲရွာအနီးမှာ အရပ်သားကားတစီးကို YPPDF က မှားယွင်းပစ်ခတ်မိကာ ဆရာတော်တပါးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ပြီး ဖြစ်စဉ်အတွက် YPPDF က ပြန်လည်တောင်းပန်ခဲ့ရပါတယ်။

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ နန်းပရုပ်ရွာနားမှာတော့  စစ်တပ်ယာဉ်တန်းကို မတ် ၅ ရက် မနက်ပိုင်းက မိုင်းဆွဲခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံက “မိုင်းက ၃ ကြိမ်ဆွဲတာ။ မနက် ၆ နာရီလောက်က နောက်ဆုံးဆွဲတာ။ အပြန်အလှန်ပစ်ခတ်မှု ဖြစ်သေးတယ်။”လို့ ဆိုပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ ပုလောမြို့နယ်မှာ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး  တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးအဖွဲ့ဘက် အထိအခိုက် မရှိသလို စစ်တပ်က အထိအခိုက် ရှိတယ်လို့ ဆိုပေမဲ့ အတည်မပြုနိုင်ပါဘူး။

မြိတ်ခရိုင်၊ တနင်္သာရီမြို့မှာတော့ မတ်လ ၆ ရက် ညက ဒေသခံပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။

ဖမ်းဆီးခံထားရသူတွေကတော့ တနင်္သာရီမြို့‌နေ အသက် ၃၃ နှစ်အရွယ် မအိအိဌေး (ခ) မအိ၊ ချောင်းကြီးရပ်ကွက်နေ အသက် ၃၃ နှစ်အရွယ် မအေးမာလာ (ခ) မီးမီးကြီးနဲ့ ချောင်းငယ်ရပ်ကွက်နေ အသက် ၅၅ နှစ်အရွယ် မတင်ဌေး (ခ) မဌေးတို့ဖြစ်ပြီး PDF တွေကို ထောက်ပို့‌လုပ်တယ်လို့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီး ခေါ်‌ဆောင်သွားတာလို့ သိရပါတယ်။

တနင်္သာရီမြို့နေ ပြည်သူတဦးက “ညဘက်တွေဆို မြို့ထဲမှာ အိမ်တွေကို ဧည့်စာရင်းစစ်သလိုနဲ့ ဝင်ပြီးတော့ သံသယရှိတဲ့လူတွေကို ဖမ်းခေါ်သွားတာတွေ ရှိနေတယ်။ သူတို့မယုံတဲ့လူတွေဆို အကြမ်းဖျက်တိုက်ဖျက်ရေး ပုဒ်မတို့နဲ့ တရားဆွဲနေတာပါ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဒေသခံပြည်သူ ၃ ဦးကို တနင်္သာရီမြို့ ရဲစခန်းမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မနဲ့ စစ်ကောင်စီဘက်က တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း တနင်္သာရီမြို့ခံ ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး အခုလို တရားစွဲဆိုခဲ့ပါတယ်။

တနင်္သာရီမြို့မှာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့တမြို့ဖြစ်ပြီး ဒေသခံတွေကို  စစ်ကောင်စီတပ်က မကြာခဏ ဖမ်းဆီးခေါ်ဆောင်နေတာဖြစ်တယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s