တနင်္သာရီတွင် အမျိုးသမီး ၃ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထား

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့တွင် စစ်ကောင်စီတပ်က အမျိုးသမီးသုံးဦး ကိုဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း ဒေသခံများထံမှ သိရ သည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များကက နေအိမ်များကို ဝင်ရောက် စစ်ဆေးပြီးနောက် ဖမ်းဆီးခံရသည့် မြို့ခံ ၁၀ ဦးအနက်မှ အမျိုးသမီးသုံးဦးကို အကြမ်းဖက်မှုတိုက်ဖျက် ရေး ဥပဒေပုဒ်မဖြင့် အမျိုးသမီးသုံးဦးကို အမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တနင်္သာရီမြို့ခံတစ်ဦးက “PDF အဖွဲ့နဲ့ အဆက်အသွယ် ရှိတယ်၊ ထောက်ပို့လုပ်တယ်ဆိုပြီး အကြမ်းဖက် ဥပဒေနဲ့ အမှုဖွင့်လိုက်တယ်”ဟု ပြော သည်။
အမှုဖွင့်ခံထားရသည့်အမျိုးသမီးများမှာ မအိအိဌေး(၃၃ နှစ်)၊ မအေးမာလာ(၃၃ နှစ်)နှင့်မတင်ဌေး(၅၅ နှစ်) တို့ ဖြစ်ကြသည်။
“ကျန်တဲ့ ဖမ်းဆီးခံရသူတွေကတော့ အဆက်အသွယ်လည်းမရသေးသလို ဘယ်လိုအခြေအနေ ရှိတယ် ဆိုတာ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးကလည်း ပြောဆိုသည်။
တနင်္သာမြို့တွင် ပြီးခဲ့သည့်လက ဒေသခံ ၃၀ ဦးနီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံသတင်း ရင်းမြစ်များ ထံမှ သိရသည်။mizzima