ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၁၅ ဦးသေဆုံးပြီး ဖမ်းဆီးခံရသူ ၃၅ ဦးရှိ

ပြီးခဲ့သည့် ဖေဖော်ဝါရီလတစ်လအတွင်း နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှု၊ မီးရှို့သတ်ဖြတ်မှုနှင့် ​ကျေးရွာများသို့ ဝင်​ရောက်စီးနင်း ပစ်ခတ်မှုတို့ကြောင့် အမျိုးသမီး ၁၅ ဦးသေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ ၃၅ ဦးရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

အမျိုးသမီး ရှစ်ဦးမှာ စစ်ကောင်စီက ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ပြီး အမျိုးသမီး သုံးဦးမှာမူ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ယခုနှစ် ဖေဖော်ဝါရီလအတွင်း အမျိုးသမီးဖမ်းဆီးခံရမှုများမှာ သိသိသာသာတိုးလာကြောင်းလည်း မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ် ပြန်ပြောဆိုသည်။

​တစ်လအတွင်း ဖမ်းဆီးခံရသည့် အမျိုးသမီး ၃၅ ဦးမှာ တနင်္သာရီတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည် နယ်၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့မှဖြစ်ပြီး မန္တလေးတိုင်းတွင် ၁၃ ဦးဖြင့် အများဆုံးအဖမ်းခံခဲ့ရကြောင်း သိရသည်။

“ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၃၅ ဦးထဲမှာဆိုရင် တွေ့ရတာက စစ်ဆေးရေးဂိတ်တွေမှာ သူတို့ရဲ့ဖုန်းကို စစ်လိုက်တဲ့အခါမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ Postတွေတင်ထားတာမျိုး၊ နောက်ပြီး Shareထားတာမျိုး၊ ပြီးရင် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပေါင်းနေတယ်။ ပံ့ပိုးနေတယ်။ အကူ အညီ ပေးနေတယ်ဆိုတာမျိုးတွေ၊ နောက်ပြီး CDM လုပ်တဲ့ အမျိုးသမီးတွေစသည်ဖြင့် ဒီလိုပုံစံမျိုးစုံနဲ့ ဖမ်းဆီးခံရတဲ့ဟာမျိုးကိုတော့ တွေ့ရပါတယ်”ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ တွဲဖက်အတွင်းရေးမှူး မဇူးဇူးကဆိုသည်။

အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရသည့် အမျိုးသမီးများအနေဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်များတွင် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်း၊ စစ်ကြောရေးတွင် အတင်းအဓမ္မ အကြမ်းဖက်နှိပ်စက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားအမြတ်ထုတ်မှုများ၊ ခြိမ်း ခြောက်အကျပ်ကိုင်မှုများနှင့် ရင်ဆိုင်နေရခြင်းများရှိကြောင်း မဇူးဇူးကပြောသည်။

အာဏာသိမ်းသည့်နေ့မှစ၍ ယခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့၏ မတရားဖမ်းဆီးခြင်းခံရသည့် အမျိုးသမီး ၃၁၀၀ ကျော်ရှိပြီး ထိုအထဲမှ အမျိုးသမီး ၅၇၀ ဦးသည် မတရားပြစ်ဒဏ် ချမှတ်ခြင်းကို ခံနေရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အချက်အလက်များအရ သိရသည်။

ထို့အပြင် အဆိုပါကာလအတွင်း အမျိုးသမီးစုစုပေါင်း ၄၂၀ ကျော် အသက်ဆုံးရှုံးခဲ့ရကြောင်းလည်း သိရသည်။

လက်တွေ့မြေပြင်အခြေအနေ သတင်းအချက်အလက် စီးဆင်းမှုများတွင် စိန်ခေါ်မှုများရှိသည့်အတွက် ကိန်းဂဏန်းများသည် ယခုထက်ပိုပြီး များနိုင်ကြောင်းလည်း မြန်မာ့အမျိုးသမီးသမဂ္ဂက ဆိုထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s