မအူပင်မြို့ မအူပင်-ကျိုက်လတ်လမ်းပေါ်ရှိ မြို့ဝင်ဆိုင်းဘုတ်အနီး ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ မအူပင်မြို့ မအူပင်-ကျိုက်လတ်လမ်းပေါ်ရှိ မြို့ဝင်ဆိုင်းဘုတ်အနီးတွင် မတ်လ ၆ ရက်နေ့ ညနေ ၅ နာရီ ၅၅ မိနစ်ခန့်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဗုံးပေါက်ကွဲရာနေရာ၌ စစ်ကောင်စီတပ်များနှင့် ရဲတပ်ဖွဲ့ စုစုပေါင်းရှစ်ဦးခန့်ရှိနေချိန် ပေါက်ကွဲခဲ့ခြင်းဖြစ် ပြီး ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိမသိရသေးကြောင်း ဖောက်ခွဲမှုပြုလုပ်ခဲ့သော အမည်မဖော်လိုသည့် တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“မအူပင်ကနေကျိုက်လတ်ကိုထွက်တဲ့ မြို့ဝင်ဆိုင်းဘုတ်နားမှာ ဒေသခံတွေကို စစ်ဆေးတာတွေ၊ မတရား ငွေတောင်းတာတွေလုပ်နေတဲ့ စစ်ခွေး(စစ်ကောင်စီတပ်)နဲ့ ရဲခွေး(ရဲတပ်ဖွဲ့) တွေကိုဖောက်ခွဲခဲ့တာပါ” ဟု ဆို သည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ညပိုင်းတွင် စစ်ကောင်စီတပ်များနှင့်ရဲများက ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခြင်း မရှိဘဲ အရပ်ဝတ်များဖြင့်သာ လိုက် လံစုံစမ်းစစ်ဆေးနေကြကြောင်း ဒေသခံများကပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့က ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် မအူပင် PDF တပ်ဖွဲ့ ဝင်များနှင့် ဖျာပုံ PDF အဖွဲ့ဝင် စုစုပေါင်း ၁၉ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။
ထိုသို့ဖမ်းဆီးခံရပြီးနောက် မအူပင်မြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုများ၊ စစ်ကောင်စီသတင်းပေး ရှင်းလင်း ခံရမှုဖြစ်စဥ်များ ခြောက်လကျော်ကြာသည်အထိ ဖြစ်ပွားခြင်းမရှိတော့ကြောင်း၊ ယမန်နေ့ကမှသာ ဗုံး ပေါက်ကွဲမှု ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ mizzima