မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူရန် နိုင်ငံတကာကို ICA ‌တောင်း ဆို

စစ်အာဏာသိမ်းမှု နှစ်နှစ်တာကာလအတွင်း ချင်းလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ထိရောက်သော အရေးယူမှုများ အမြန်ဆုံးလုပ်ဆောင်သင့်ကြောင်း Institute of Chin Affairs (ချင်းရေးရာအဖွဲ့ချုပ်) ICA က တောင်းဆိုလိုက်သည်။

မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူရန် နိုင်ငံတကာကို ချင်းရေးရာအဖွဲ့ချုပ် ICA က မတ်လ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်တောင်းဆို လိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်မှ ကျူးလွန်သည့် စစ်ရာဇဝတ်များ ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ပြစ်မှုများ ၊ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ထိုက်တန်သော ပြစ်ဒဏ်နှင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း ICA က ပြောသည်။

စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလကုန်အထိ နှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်က ၎င်းတို့အာဏာတည်မြဲရေးအတွက် ချင်းလူမျိုး ၃၈၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ICA က ဆိုသည်။

အဆိုပါ သတ်ဖြတ်မှုများအနက်၂၀၂၁ ခုနှစ်အတွင်း ၁၆၄ ဦး ၊ ၂၀၂၂ ခုနှစ်အတွင်း ၁၉၅ ဦးနှင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့အထိ ၂၄ ဦး စုစုပေါင်း ၃၈၃ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ICA က ထုတ်ပြန်သည်။

ယင်းအထဲတွင် ဆန္ဒပြ၍ ပစ်သတ်ခံရသူ ၁၃ ဦး၊ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရသူ လေးဦး၊ ခရစ်ယာန် ဓမ္မဆရာတော် လေးဦး၊ ခြောက်လ သား အရွယ် ကလေးငယ်နှင့် မွေးရာပါ မသန်စွမ်းသူ အပါအဝင် အရပ်သားပြည်သူ ၁၂၆ ဦးနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၂၃၇ ဦး တို့ ပါဝင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အဦးနှင့် လူနေအိမ် စုစုပေါင်း ၄,၃၀၀ ကျော် ပျက်စီးဆုံးရှုံး ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

အကြောင်းအမျိုးမျိုး ၊ ပုဒ်မအမျိုးမျိုးတပ်ကာ အထောက်အထား မခိုင်လုံဘဲ ဖမ်းဆီးထားသူ ချင်းလူမျိုး ၉၀၀ နီးပါးရှိသည်ဟု ချင်းရေးရာ အဖွဲ့ ချုပ်က ဆိုသည်။

ချင်းအမျိုးသား ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်နှစ်ကျော်ကာလအတွင်း တိုက်ပွဲပေါင်း ၆၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး လေကြောင်းမှ အကြိမ်ရေပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရသည်။

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်သို့ ထိုးစစ်ဆင်ရာ လမ်းကြောင်းများတွင် ဖြတ်လေးဖြတ်ဗျူဟာကို တွင်ကျယ်စွာအသုံးပြုပြီး အရပ်သားပိုင် နေအိမ်များအား ဝင်ရောက်မွှေနှောက်ကာ စားနပ်ရိက္ခာနှင့် ပရိဘောဂ အသုံးအဆောင် ပစ္စည်းများအား ယူဆောင်သည့်အပြင် နေအိမ်အတွင်း အခြေချ တပ်စွဲမှုများ လုပ်ဆောင်ခဲ့ကြောင်း ICA က ထောက်ပြထားသည်။

ထိုသို့ စစ်ကောင်စီတပ်၏ စစ်ကြောင်း ဝင်ရောက်မှုကြောင့် အိန္ဒိယနိုင်ငံအတွင်း မြန်မာစစ်ဘေးဒုက္ခသည် စုစုပေါင်း ၉၀,၀၀၀ ခန့် တိမ်ရှောင်နေရကြောင်းလည်း ချင်းရေးရာအဖွဲ့ချုပ် ICA က ဖော်ပြသည်။

လူဦးရေ ၅၀၀,၀၀၀ ခန့်ရှိသော ချင်းပြည်နယ်အတွင်း ယခုကဲ့သို့ သတ်ဖြတ်မှုများသည် ရာခိုင်နှုန်းအားဖြင့် အလွန်များပြားလှကြောင်း ချင်းရေးရာအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက လူနည်းစုတိုင်းရင်းသား ဒေသများတွင် တွေ့ကြုံခံစားခဲ့ရပြီး လက်ရှိမှာ ချင်းပြည်နယ် အပါအဝင် နိုင်ငံတဝန်းလုံးတွင် ပြင်းထန်ဆိုးဝါးလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း ချင်းရေးရာအဖွဲ့ချုပ်က ထောက်ပြပြောဆိုထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s