လမိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက် ကြီးကျည်ကြောင့် ဒဏ်ရာရသည့်အဘွား သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ အောင်သာယာကျေးရွာတွင် စစ်ကောင်စီတပ်၏ အမတ (၃၁၇)မှ ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည် ထိမှန်ခဲ့သည့် အဘွားအို သေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမ ကိုပြောသည်။
မတ်လ ၅ ရက်နေ့တွင် လက်နက်ကြီးကျည် ထိမှန်ခဲ့သည့် အသက် ၇၈နှစ်အရွယ် အဘွားဒေါ်ထုမူးသည် ယမန်နေ့ မတ်လ ၆ ရက် ညနေ ၃နာရီဝန်းကျင်ခန့်တွင် ယင်းဒဏ်ရာဖြင့် မော်လမြိုင်ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း သိရသည်။
“လက်နက်ကြီးကျည်ထိတဲ့ အဘွားဒေါ်ထုမူး ဆုံးသွားပြီ။ ခန့်မှန်း ညနေ ၃နာရီ မတိုင်ခင်လောက်ဖြစ်မယ်။ ဗိုက်တွေပေါက် အူတွေပါထွက်တာကိုး” ဟု ဒေသခံတစ်ဦးက ပြောသည်။
အောင်သာယာရွာရှိ ပြည်သူအများစုမှာ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရန်ကို ကြောက်သဖြင့် အခြားနေရာများတွင် တိမ်းရှောင်နေရကြောင်း သိရသည်။
“အောင်သာယာရွာကို သတင်းသွားမေးတာ အိမ်တော်တော်များများပိတ်ထားကြတယ်။ ကြောက်လန့်ပြီး ရွာဟောင်းတွေဘက်၊ ခြံတွေဘက် ရှောင်ပြေးနေကြတယ်” ဟု ၎င်းကဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် အနီးရှိကျေးရွာများသို့ လက်နက်ကြီးများပစ်ခတ်ရာ ဘုန်းကြီးကျောင်းအနီး ပတ်ဝန်းကျင်များတွင် ကျလေ့ရှိကြောင်း အနီးရှိ ဒေသခံက ဆိုသည်။
“အဲဒီရက်က အောင်သာယာရွာကို ပစ်တာ အောင်သာယာဘုန်းကြီးကျောင်းရှေ့တစ်အိမ်ကျော်မှာပဲ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က အောင်သာယာရွာနဲ့ တစ်မိုင်လောက်ပဲဝေးတဲ့ လိမ္မော်ခြံရွာကိုလည်း ပစ်သေးတယ်။ ဆေးပေးခန်းနားကိုကျတာ ဆေးပေးခန်းက လိမ္မော်ခြံဘုန်းကြီး ကျောင်းရှေ့တည့်တည့်မှာ။ ကနင်ကမော့ ဘုန်ကြီးကျောင်းဝင်းထဲလည်း လက်နက်ကြီး ကျပြီးပြီ။ စုစည်းမြိုင် ဘုန်းကြီးကျောင်း မှာလည်း ဦးဇင်းကြီးတစ်ပါး ဆေးရုံပို့ရပြီး ကိုရင်လေးက ပွဲချင်းပြီး (ပျံလွန်တော်မူ)။ ပစ်သမျှအလုံးတွေက ဘုန်းကြီးကျောင်းတွေကို ဦးတည်ပြီး ပစ်နေသလိုပဲ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
ဖေဖော်ဝါရီလ ၁၀ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ အမတ (၃၁၇) မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အောင်သာယာ ကျေးရွာရှိ အရပ်သားနေအိမ် နှစ်လုံး ပျက်စီးခဲ့ပြီး စုစည်းမြိုင်ဘုန်းတော်ကြီးကျောင်းသို့ လက်နက်ကြီး နှစ်လုံးကျရောက် ပေါက်ကွဲရာ ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့ရကာ ဦးဇင်းတစ်ပါး ဒဏ်ရာရရှိခဲ့သည်။
ဇန်နဝါရီလအတွင်းကလည်း ကနင်ကမော့ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ယင်းကျေးရွာရှိ အမျိုးသမီးနှစ်ဦး ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့သေးသည်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့ရသည့် အရပ်သား စုစုပေါင်း ၃,၀၀၀ နီးပါးရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယမန်နေ့ မတ်လ ၆ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။ mizzima