လှိုင်သာယာ မီးခွက်ဈေးကို မြို့နယ်လူမိုက်များက ကန်ထရိုက်ယူထားသောကြောင့် ပျံကျ ဈေးသည်များအခက်ကြုံ


ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ မီးခွက်ဈေးကို ၎င်းမြို့နယ်လူမိုက်များက ကန်ထရိုက်ယူထားသောကြောင့် ပျံကျ ဈေးသူဈေးသားများ အခက်အခဲကြုံနေရသည်ဟု သိရသည်။
မီးခွက်ဈေးပတ်ပတ်လည်တွင် ဈေးရောင်းချခွင့်ကို ပိတ်ပင်ထားပြီး အဆိုပါနေရာများတွင် ဈေးရောင်းခြင်းမပြုနိုင်အောင် အမှိုက်များပုံထားခြင်းနှင့် မိမိနေအိမ်ရှေ့တွင် ဈေးရောင်းချသူများကိုလည်း ဈေးရောင်းခြင်းမပြုရန် လိုက်လံတားမြစ်မှုများ လှိုင်သာယာလူမိုက်များမှ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
” ရပ်ကွက်အုပ်ကြီးကတော့ ကိုယ့်အိမ်ရှေ့မြောင်းမကျော်ရင် ဈေးရောင်းခွင့်ပြုထားတယ်။ ဒါပေမယ့် သူတို့ကတော့ မရဘူး လိုက်ပိတ်ခိုင်းတာပဲ။ တနေ့လုံးဈေးရောင်းမှ လေးထောင် ငါးထောင်လောက်ပဲရတဲ့သူတွေက သူတို့ဆိုင်ခန်းတွေကို ဘယ်ဌားနိုင်မလဲဗျာ “ဟု ဈေးရောင်းချခွင့်မရသည့်အကြောင်းကို မြင်တွေ့ရသူတစ်ဦးက ပြောသည်။
၎င်းတို့ ကန်ထရိုက်ဆွဲထားသော ဈေးဆိုင်ခန်းများသည် လေးပေပတ်လည်ဆိုင်ခန်းတစ်ခန်းကို ကျပ်ငွေ ၄၀၀၀၀ခန့်ရှိသဖြင့် ဌားရမ်းခမတတ်နိုင်သည့်အကြောင်း ပျံကျ ဈေးသူဈေးသားများက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက လူမိုက်များက ဈေးရောင်းချခွင့်မရရန် ပြုလုပ်ထားသော အမှိုက်ပုံအနီး ပဲပြုတ်လာရောင်းသူအဘွားအိုတစ်ဦးကိုလည်း စည်ပင်ခေါ်၍ ဈေးဗန်းသိမ်းခိုင်းကြောင်းကိုလည်း သိရသည်။
ထို့အပြင် ဖေဖော်ဝါရီ ၂၂ရက်နေ့က မီးခွက်ဈေးအနီး ဈေးရောင်းနေသည့် ဈေးသည်များနှင့် စည်ပင် ပြဿနာတက်ရာမှ စစ်တပ်ခေါ် ဖမ်းခိုင်းသည့် ဖြစ်ရပ် လည်း ရှိခဲ့သည်ဟု သိရသည်။mizzima