Monthly Archives: Mar 2023

ကယားတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေသူ ၉၀၀ ကျော်ရှိပြီး စာစစ်ဌာန ၄ ခုသာ ဖွင့်လှစ်နိုင်

ဒီနေ့ မတ်လ ၈ ရက် ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ကယားပြည်နယ်ရဲ့ မြို့နယ်လေးခုမှာ စာစစ်ဌာန ၄ ခုသာ ဖွင့်လှစ်နိုင်ပြီး ဝင်ရောက်ဖြေဆိုသူ အရေအတွက်က ၉၀၀ ကျော်ပဲရှိတယ်လို့ ပညာရေးဌာန အသိုက်အဝန်းက သိရပါတယ်။

ကယားပြည်နယ်မှာ လွိုင်ကော်မြို့၊ ရှားတောမြို့၊ ဖရူဆိုမြို့၊ ဒီးမော့ဆိုမြို့၊ မယ်ဆယ်မြို့၊ ဘော်လခဲမြို့၊ ဖားဆောင်းမြို့နယ်ဆိုပြီး မြို့နယ် ၇ ခုအထိ ရှိပါတယ်။

ဒါပေမဲ့ လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်ဆယ် အစရှိတဲ့ မြို့နယ် ၄ ခုမှာပဲ စာစစ်ဌာနတွေ ဖွင့်လှစ်နိုင်ပြီး အရင်နှစ်ကလည်း စာစစ်ဌာန ၄ ခုသာ ဖွင့်လှစ်နိုင်ခဲ့သလို တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုဖို့ စာရင်းပေးထားသူ ၉၉၅ ဦးအနက် ကျောင်းသားကျောင်းသူပေါင်း ၉၂၁ ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်သူ ၇၄ ဦးရှိတယ်လို့ ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်အထိ ကယားပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ စာစစ်ဌာနပေါင်း ၂၀ ကျော်အထိ ဖွင့်လှစ်ခဲ့သလို ဝင်ရောက်ဖြေဆိုသူ ဦးရေဟာ တပြည်နယ်လုံးဆိုရင် ၈,၀၀၀ နီးပါးအထိ ရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီတပ်တွေရဲ့ နယ်မြေစိုးမိုးနိုင်မှုတွေ များပြားလာတာနဲ့အတူ စစ်ကောင်စီကပြုလုပ်တဲ့ စာမေးပွဲ ၂ ကြိမ်လုံးကို စာစစ်ဌာန ၄ ခုအထိပဲ ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လာမယ့်ပညာသင်နှစ်မှာ တနိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ကြုံးဝါးထားပါတယ်။ DVB

စစ်ကောင်စီလက်ထက် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၁၆၀,၀၀၀ ကျော်သာရှိ

စစ်ကောင်စီလက်ထက်တွင် ဒုတိယအကြိမ်မြောက်ကျင်းပသည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တနိုင်ငံလုံးမှဝင်ရောက် ဖြေဆိုသူ ၁၆၀,၀၀၀ ကျော်သာရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ ၁၇၉,၈၄၃ ရှိသော်လည်း ယနေ့ မတ်လ ၈ ရက် စာမေးပွဲပထမနေ့တွင် မြန်မာစာဖြေဆိုသူ ၁၆၁,၈၅၁ ဦးသာ ရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ အခြေခံပညာရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရသိရသည်။

“စာမေးပွဲပထမနေ့မှာတွင် တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖြေဆိုသူ ၁၆၀,၀၀၀ ကျော် (တစ်သိန်းခြောက်သောင်းကျော်) ပဲရှိတယ်။ ကျန်တဲ့ရက်တွေမှာ မေးခွန်းအခြေအနေရယ်၊ ကျောင်းသားတွေရဲ့ဖြေဆိုနိုင်မှုအပေါ်မူတည်ပြီး ပျက်ကွက်တွေရှိလာဦးမှာပါ” ဟု ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှ ဘာသာရပ်ပြဆရာမတစ်ဦးက ဆိုသည်။

တနိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စာစစ်ဌာန ၈၅၈ ခုနှင့် နိုင်ငံခြားစာစစ်ဌာန ၅ ခု စုစုပေါင်း စာစစ်ဌာန ၈၃၆ခု ရှိကြောင်းသိရသည်။

စာမေးပွဲဖြေဆိုသူများတွင် ရန်ကုန်တိုင်းအတွင်းမှ ၂၃,၈၀၇ ဦးဖြင့် အများဆုံးဝင်ရောက်ဖြေဆိုပြီး၊ တိုက်ပွဲပြင်းထန်ပြီး နယ်မြေငြိမ်သက်မှုမရှိသည့် ကယားပြည်နယ်အတွင်းမှ ၉၂၁ ဦးဖြင့် အနည်းဆုံး ဝင်ရောက်ဖြေဆိုခြင်းဖြစ်သည်။

ယခုကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲသည် ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် ပြု လုပ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီကဆိုသည်။

“တချို့ကျောင်းသားမိဘနဲ့ ကျောင်းသားတွေကလည်း ဒီနှစ်က သင်ရိုးဟောင်းနောက်ဆုံးဆိုတော့ ဝင်ဖြေကြတာပေါ့လေ။ ကျောင်းသားတချို့ကလည်း စစ်ကောင်စီက ထိန်းချုပ်ထားတဲ့စာမေးပွဲဖြစ်လို့ CDM လုပ်တဲ့အနေနဲ့ ဝင်ရောက်မဖြေဆိုတာဖြစ်မယ်” ဟု အထက်ပါဆရာမက မှတ်ချက်ပြုပြောဆိုသည်။

စစ်ကောင်စီလက်ထက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသားကျောင်းသူ နှစ်သိန်း ရှစ်သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ တစ်သိန်းသုံးသောင်းကျော် အောင်မြင်ခဲ့ကာ တစ်နိုင်ငံလုံး အောင်ချက် ၄၆ ဒဿမ ၈၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း စစ်ကောင်စီလက် အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်မှုရာခိုင်နှုန်းများနှင့် ပတ်သက်၍ အနီးစပ်ဆုံးအနေဖြင့် အရပ်သားအစိုးရလက်ထက်၂၀၂၀ခုနှစ်တွင် ကျောင်း သား၊ ကျောင်းသူ ၉၁၀,၂၂၉ ဦး ဖြေဆိုခဲ့ ပြီး ၂၉၁,၇၉၈ ဦး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၃၂ . ၀၆ ရာခိုင်နှုန်း ရှိခဲ့သည်။mizzima

မြန်မာငွေစက္ကူတုများ လူမှုကွန်ရက်မှတဆင့် အရောင်းအဝယ်ဖြစ်နေ

မြန်မာကျပ်ငွေ စက္ကူအတုတွေကို အာမခံချက်တွေနဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ကို အသုံးပြုပြီး အရောင်းအဝယ်ဖြစ်နေပြီး ငွေအတုကို ပြန် လည်ဖြန့်ဖြူးဖို့အတွက် ဝယ်သူသုံးစွဲသူတွေ ရှိနေပါတယ်။

ငွေစက္ကူတုကို ထိုင်းနိုင်ငံက စက်နဲ့ ၉၈ ရာခိုင်နှုန်းအထိ အစစ်နီးပါးတူအောင် ပြုလုပ်ထားပြီး သုံးစွဲသူကိုယ်တိုင် ထုတ်မပြောလျှင် အတုမှန်းမသိနိုင်အောင် ထုတ်လုပ်ထားသလို ငွေစက္ကူနံပါတ်တွေကိုလည်း တစ်ရွက်နဲ့ တစ်ရွက် မထပ်အောင် ထုတ်လုပ်ထားတယ်လို့ ငွေစက္ကူအတု အရောင်းအဝယ်လုပ်သူတွေက ပြောပါတယ်။

လက်ရှိ ငွေတုပေါက်ဈေးကတော့ ငွေတု ကျပ် ၆ သိန်းကို ၅ သောင်း၊ ငွေတု ၁၂ သိန်းကို ၁ သိန်းကျပ်နဲ့ wave money နဲ့ ရောင်းချပြီး ကားဂိတ်တွေကတဆင့် ပို့ဆောင်ပေးကာ ငွေအတုတွေကို ဘဏ်တွေကလွဲလို့ တခြားနေရာတွေမှာ သုံးစွဲလို့ရတယ်လို့လည်း ပြောပါတယ်။

ငွေအတုအများကြီးကို လက်ဝယ်ကိုင်ဆောင်ပြီး ဘဏ်ကိုငွေသွင်းတာ၊ ငွေလွှဲတာအပြင် ကိုင်ဆောင်တဲ့သူကို ဥပဒေအရ အရေးယူခံရမှာဖြစ်ပြီး ငွေအတု တစ်ရွက် နှစ်ရွက်လောက်ပါခဲ့ရင် အပေါက်ဖောက် ဖျက်ဆီးပြီး ဘဏ်က သိမ်းဆည်းထားတယ်လို့ မြန်မာ့စီးပွားရေးဘဏ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်က မကွေးတိုင်း၊ ငဖဲမြို့နယ် ပျဥ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ထိုးမုန့်ဘူးတွေအတွင်း ငွေစက္ကူအတု ကျပ် သိန်း ၅၀ နဲ့အတူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ DVB

တိုက်ပွဲဖြစ်သည့် ဖားကန့်တွင် အရပ်သား ၂ ဦး ဒဏ်ရာရပြီး ၄၀ နီးပါး အဖမ်းခံရ

ကချင်ပြည်နယ် ကျောက်စိမ်းမြို့တော် ဖားကန့်တွင် သုံးရက်အတွင်း လူ ၄၀ နီးပါး ဖမ်းဆီးခံထားရသလို တိုက်ပွဲဖြစ်ပွားမှုကြောင့် နှစ်ဦး ဒဏ် ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ (မတ် ၇) ည ၁၀ နာရီခန့်က ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို အာဏာသိမ်းတပ်က ဝင်ရောက်စီးနင်းပြီး အများအပြားကို ဖမ်းဆီးသွားရာ ထိုအထဲတွင် ဆိုင်ရှင်လည်း ပါသွားသည်ဟု ဖားကန့်ဒေသခံ ဈေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

“မှော်ဝမ်းရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်၊ ဆိုင်နာမည်က ကြယ်စင်ဟိန်းဆိုလားပဲ၊ ညဘက်ကြီး တစ်ဆိုင်လုံး ဖမ်းသွားတာ၊ ၁၀ ယောက်လောက် ရှိတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုစျေးသည်က ပြောသည်။

ထို့ပြင် မတ် ၆ ရက် ညနေ ၆ နာရီခန့်တွင် လုံးခင်းကျေးရွာအတွင်း ပါဂျဲရို၊ လန်ခရူဆာ စသည့် အရပ်ဘက်သုံးမော်တော်ယာဉ်များနှင့် ရောက်ရှိလာသော အရပ်ဝတ်လက်နက်ကိုင်များက ရွာအတွင်းရှိ အသက် ၂၀ ကျော်အရွယ် လူငယ်များကို ဖမ်းဆီးသွားသည်။

ဈေးဝယ်သူများနှင့် အချို့ကို နေအိမ်အတွင်းထိ ဝင်ရောက်ကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဒေသခံအမျိုးသားများ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသလို မည်သည့်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ခြင်း၊ ဝန်ခံခြင်း မရှိသေးပေ။

ထိုနေ့ တစ်ရက်တည်းမှာပင် ဖားကန့်မြို့နယ် ဖားပြင်ရွာသို့ လာရောက်တိမ်းရှောင်နေသည့် စစ်ကိုင်းတိုင်းမှ အမျိုးသမီးတစ်ဦးကို စစ်တပ်က လာရောက်ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုသူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် အသက် ၄၀ အရွယ် ဒေါ်မာမာအေးဖြစ်ပြီး ဖားပြင်ရွာရှိ ညီမဖြစ်သူ၏ နေအိမ်တွင် နေထိုင်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းဌာနတချို့က သတင်းရေးသားဖော်ပြထားသည်။

ကမ္ဘာကျော်‌ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့သည် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ လှုပ်ရှားသည့် ဒေသဖြစ်ပြီး အကျိုးစီးပွားအတွက် ဖားကန့်မြို့ကို ထိန်းချုပ်နိုင်ရန် လက်နက်ကိုင်နှစ်ဖွဲ့လုံးက ကြိုးစားနေကြရာ ဒေသတွင်း အဖမ်းအဆီး၊ အပစ်အခတ်များ ဆက်တိုက်ဖြစ်နေသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ည ၁၁ နာရီခန့်တွင် ဖားကန့်မြို့နယ် ဆိုင်းတောင်စစ်တပ်ကုန်းကို KIA က လာရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဖားကန့်မြို့ခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာကို အနီးအနားရှိ ဆန်းကြွယ်စစ်တပ်ကုန်းမှ စစ်ကောင်စီတပ်က ပစ်ကူပေးခဲ့ရာ လူနေရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျခဲ့သည်၊ အသက် ၅၀ ခန့်ရှိ အမျိုးသမီးတစ်ဦးနှင့် သမီးဖြစ်သူ ၁၀ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု အထက်ပါ အမျိုးသားက ဆိုသည်။

“သူတို့ (စစ်ကောင်စီ) လက်နက်ကြီး ရမ်းထုလိုက်လို့ အဲဒီနားလေးက သားအမိနှစ်ယောက် ဒဏ်ရာရသွားတယ်။ (ဒဏ်ရာ) အရမ်းတော့ မဆိုးဘူး ပြောတယ်။ အိမ်ခေါင်မိုးကို လာမှန်တာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုအမျိုးသားက ပြောသည်။

ယနေ့တွင်‌မူ ဖားကန့်မြို့တွင် ငြိမ်သက်လျက်ရှိကြောင်း၊ ယနေ့ အစပြုသည့် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေသောကြောင့် အပစ်ရပ်ထားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် KIA ထိန်းချုပ်၊ လှုပ်ရှားရာ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။ KIA နှင့် ပတ်သက်သည့် နယ်မြေများအနက် ကမ္ဘာကျော် ကျောက်စိမ်းမြို့တော်သည် တိုက်ပွဲအကြိမ်ရေ အများဆုံးနှင့် အပြင်းထန်ဆုံးမြို့နယ် ဖြစ်ခဲ့သည်။

အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းနေထိုင်သူအများအပြားကို ဖားကန့်တွင် တွေ့နိုင်သည်။ myanmar now

ကလေးမြို့ ၌ ပြည်သူ ၁ ဦး ပစ်သတ်ခံရ၊ မြောင်နယ် PDF စခန်းကို မီးရှို့၊ မုံရွာလမ်း၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ မြိုင်မြို့နယ်၌ ပျူစောထီးရွာ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မတ်လ ၇ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးရွာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) ကနေ သိရပါတယ်။

သရက်ကွ ပျူစောထီးရွာမှာ မနေ့နေ့လယ် ၁၂ နာရီခွဲလောက်က စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်ရဲ့ နေအိမ်အပါအဝင် ပျူစောထီးတွေရဲ့ နေအိမ်တွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ အီနာဂါဗုံးသီး ၁၀ လုံး ဖြုတ်ချပြီး တိုက်ခိုက်ခဲ့တာလို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်မီးပွားက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ အီနာဂါဗုံးသီးတွေ ပျူစောထီးတွေရဲ့ နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲပြီး အများအပြား ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို Black Cheetah တပ်ဖွဲ့၊ သူရိန်တပ်ဖွဲ့၊ Hero New GZ တပ်ဖွဲ့၊ Myaing Warriors တပ်ဖွဲ့တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်မှာ မတ်လ ၁ ရက် ညနေပိုင်းကလည်း သရက်ကွ ပျူစောထီးရွာက နာရေးတခု ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) ကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အောင်သစ္စာရပ်ကွက်၊ သံသာရုံဘုန်းကြီးကျောင်းအနီးက ဒေသခံအမျိုးသားတဦးဖြစ်တဲ့ ဦးဖြူတုတ်ကို စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့တယ်လို့ အိမ်နီးချင်းတွေက ပြောပါတယ်။

မတ်လ ၅ ရက် ညနေ ၄ နာရီကျော်လောက်က စစ်ကောင်စီတပ်သားတွေ ဦးဖြူတုတ်ရဲ့ နေအိမ်ကို လိုက်လံရှာဖွေနေစဉ် ဦးဖြူတုတ်က မိမိရဲ့အိမ်ကနေ မော်တော်ဆိုင်ကယ်နဲ့ ထွက်ပြေးရာ စစ်‌‌ကောင်စီတပ်သားတွေက ကားနဲ့လိုက်ပြီး ဦးဖြူတုတ်ကို ပစ်ခတ်ခဲ့ရာ ထန်းတပင်ဘုန်းကြီးကျောင်းအနီးမှာ ဦးဖြူတုတ် ကျည်ဆန်ထိမှန် သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ မိသားစုဝင်တချို့က ဒီဗွီဘီကို ပြောပါတယ်။

“ဦးဖြူတုတ်မှာ သမီး ၂ ယောက်ရှိတယ်။ ဦးဖြူတုတ် အိမ်ကထွက်ပြေးပြီး စစ်သားတွေ သူ့နောက်လိုက်တာ သမီးအကြီးမက မြင်တယ်။ ဒါနဲ့ သူ့သမီးက လိုက်သွားတာ။ စစ်သားတွေ ကားပေါ်ကနေ သူ့အဖေကို သေနတ်နဲ့ ၆ ချက်ပစ်တာ မြင်ခဲ့ရတယ်လို့ သူ့သမီးအကြီးမက ပြောတယ်။ စစ်သား‌တွေက‌ သေနတ်နဲ့ပစ်ပြီး ပြန်သွားကြတာ။ သူ့အ‌ဖေအလောင်းဆီက သူက ပိုက်ဆံအိတ်တွေ၊ ဖုန်း‌တွေ ယူ‌ခဲ့သေးတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့အနီးက‌ ဒေသခံတွေက ကလေးမကို အန္တရာယ်များလို့ ပြန်ခိုင်း‌တော့ သူမက ပြန်ခဲ့တာ။ သူ့အဖေကို သူ့မျက်စိရှေ့တင် ပစ်သတ်ခံရတာကိုမြင်တော့ သူအိမ်ရောက်တော့ မူးလဲသွားတယ်။ အခုချိန်ထိ စကားလည်းမပြောဘူး။”

စစ်ကောင်စီက ဦးဖြူတုတ်ကို ပစ်သတ်ပြီး နာရီပိုင်းအတွင်းမှာပဲ စစ်သားတွေက အလောင်းကို လာသယ်သွားကြပြီး ၆ ရက်နေ့မှ အလောင်းပြန်ပေးတာကြောင့် ၇ ရက်နေ့ကမှ သုသာန်ပို့ပြီး သင်္ဂြိုဟ်ကြရတာလို့ ဆိုပါတယ်။

ဦးဖြူတုတ်ဟာ အရင်က ဘိန်းဖြူရောင်းတယ်ဆိုတဲ့ သတင်းကျော်ကြားတာကြောင့် စစ်ကောင်စီက လာရောက်ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးဖြူတုတ် ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးသလို စစ်ကောင်စီက ဦးဖြူတုတ်ကို ဘာကြောင့် လာရောက်ဖမ်းဆီးတယ် ဆိုတာကိုလည်း ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဒေသကာကွယ်ရေးတပ် CDSOM နဲ့ CRF တပ်ဖွဲ့တို့ရဲ့ အခြေစိုက် ခြေကုပ်စခန်းတွေကို မတ်လ ၅ ရက် ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မတ်လ ၅ ရက်က CDSOM တပ်ဖွဲ့နဲ့ CRF တပ်ဖွဲ့တို့ရဲ့ အခြေစိုက်ကျေးရွာကို မြောင်နယ်တဖက်ကမ်း မြင်းခြံနယ်၊ ဆီမီးခုံနယ်နဲ့ ဥဒယရွာဘက်ကမ်းက စစ်ကောင်စီတပ်၊ ပျူစောထီးတပ်နဲ့ ရဲတပ်ဖွဲ့ စတဲ့ ပူးပေါင်းတပ်ဟာ အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်း ၃ ကြောင်းဖြန့်ပြီး ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေ အပြန်အလှန် အီနာဂါ ဗုံးသီးပစ် တိုက်ခိုက်ခဲ့ကြပြီး ဒေသကာကွယ်ရေးတပ်ဘက်က ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ဆုံးရှုံးလိုက်ရကာ စစ်ကောင်စီတပ်ဘက်ကတော့ ၂ ဦး ကျဆုံးတယ်လို့ CDSOMသတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီလို မီးရှို့ဖျက်ဆီးမှုကြောင့် အနီးနားက ကျေးရွာ ၃ ရွာဖြစ်တဲ့ ချောင်းဆင်းရွာက ၇၄ အိမ်၊ ပေါက်ချောင်းရွာက ၄ အိမ်၊ ရသစ်ရွာက ၁၇ အိမ် စုစုပေါင်း ပြည်သူ့နေအိမ် ၉၅ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သိမ်းဆည်းခံလိုက်ရတဲ့ ပစ္စည်းတွေကတော့ ပြောက်ကျားဂျာကင် ၁၀၀ ထည်၊ ပြောက်ကျားဦးထုပ် ၁၅၀ လုံး၊ မိုင်း (Receiver) ၄၀၀ ခု၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ Epson ပရင်တာ ၂ လုံး၊ 2900 ကက်ထရစ် ၄ လုံး၊ ဓာတ်ခဲအစုံ ၁၃၄ လုံး၊ ကီးဘုတ်နဲ့ မောက်စ် ၃ စုံ၊ ခေါက်ဆိုလာပြား ၃ ခု အပါအဝင် အများအပြား ဆုံးရှုံးလိုက်ရကြောင်း သိရပါတယ်။

မုံရွာ-မန္တလေး ကားလမ်း၊ စွမ်းရည်ထက်ဆီဆိုင်မှာ တပ်စွဲထားတဲ့ စစ်သားတွေကို မတ်လ ၆ ရက်‌ ည ၁၁ နာရီလောက်က မဟာမိတ်ညီနောင်တပ်ဖွဲ့ဝင် ရဲဘော်တွေက ၆၀မမ နဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက် နေရာမှာတင် ပွဲချင်းပြီး ထိမှန်သေဆုံးသွားတယ်လို့ မုံရွာခရိုင်တပ်ရင်း-၇ – Lightning People Defence Force အဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။

မုံရွာခရိုင်တပ်ရင်း-၇ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူက “အတင်းအဓမ္မ ပိုက်ဆံတောင်းတဲ့အပြင် ပြည်သူပိုင်စိုက်ခင်းတွေကနေ ဟင်းသီး ဟင်းရွက်တွေကို ခိုးယူစားသောက် ဖျက်ဆီးနေတဲ့ (–) တွေကို ၆၀မမ နဲ့ ၃ ချက် သွားရောက်ဆုံးမ တိုက်ခိုက်တာ စစ်သား ၆ ယောက်‌ နေရာမှာတင် ပွဲချင်းပြီးသေတယ်။ ပြည်သူလူထုကို အနိုင်ကျင့် ဗိုလ်ကျနေတဲ့ (–) မှန်သမျှကို ရရင်ရသလို ကြုံရင်ကြုံသလို တိုက်ခိုက်ချေမှုန်းသွားပါမယ်ဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီစစ်သားတွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့‌ပေမဲ့ မဟာမိတ်ညီနောင်ရဲဘော်တွေ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

အဆိုပါ မစ်ရှင် တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း-၇ – Lightning People Defence Force အဖွဲ့က ဦးဆောင်ပြီး မော်လိုက်ခရိုင်တပ်ရင်း-၂၊ မုံရွာခရိုင်လှုပ်ရှားတပ်ရင်း မဟာမိတ်ပူးပေါင်းတပ်ရင်းတို့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေသားဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှု အ‌ခြေအနေကို ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်တပ်ဘက်ကလည်း တစုံတရာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိပါဘူး။ DVB

သထုံတွင် အိမ်ပေါ် လက်နက်ကြီးကျည်ကျပြီး ကလေးနှစ်ဦး သေဆုံး 

မွန်ပြည်နယ်၊ သထုံမြို့နယ် ကျုံမှိန်ကျေးရွာကို ယနေ့ (မတ် ၈) နံနက် ၇ နာရီခန့်က လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲရာ ကလေး ၂ ဦး သေဆုံး၊ သားအမိနှစ်ဦး ဒဏ်ရာရသွားသည်။

သေဆုံးသူတို့မှာ အသက် ၇ နှစ်အရွယ် မဝင်းဝင်းရီ၊ ၁၃ နှစ်အရွယ် မောင်ထိပ်ပြောင်တို့ ဖြစ်သည်။ ဦးခေါင်းဒဏ်ရာရသည့် အသက် ၅၀ အရွယ်​ ဒေါ်မနူးဖိုးမှာ အသက်အန္တရာယ် စိုးရိမ်ရသည်၊ ၎င်း၏ သမီးဖြစ်သူ ၉ နှစ်အရွယ် စောနော့ဒါးမူ၏ ညာဘက်လက်ဖျံရိုး ကျိုးသွားသည်ဟု သိရသည်။

မဝင်းဝင်းရီ၏ ဒဏ်ရာကို ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေအတွင်းရှိ ဆေးရုံတွင် ကုသနိုင်စေရန် စီစဉ်ခဲ့သေးသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“သူက ချက်ချင်းတော့ မသေဘူး။ ဆေးရုံကို ပို့နေတုန်း လမ်းမှာပဲ သေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုအမျိုးသားက ပြောသည်။

ယောက်ျားလေးက ပွဲချင်းပြီး သေတယ်၊ လက်နက်ကြီးက သူတို့ (ယောက်ျားလေး မိသားစု) နေတဲ့ အိမ်ထဲ တည့်တည့်ကျတာ”

ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် တည်ရှိသည့် သထုံမြို့နယ်သည် KNU လှုပ်ရှားနယ်မြေဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကလည်း KNU နှင့် လက်တွဲကာ အာဏာသိမ်းတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

ယနေ့ ကျုံမှိန်ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုမှာ ထိုရွာ၏ တောင်ဘက် မိုင်ဝက်အကွာ ကြာဘန်းရွာအခြေစိုက် အမှတ် (၂၄) ခြေမြန်တပ်ရင်းလက်အောက်ခံ တပ်ဖွဲ့တစ်ခုက ပစ်ခတ်ခြင်းကြောင့် ဖြစ်သည်၊ တိုက်ပွဲမရှိသည့်အချိန်တွင် မည်သည့်အကြောင်းကြောင့် ပစ်ခတ်သည်ကို မသိရသေးဟု အထက်ပါ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပစ်ခတ်ချိန်တွင် လက်နက်ကိုင်အဖွဲ့များ ရွာနှင့် အနီးဝန်းကျင်တွင် ရှိမရှိ မသိရသေးပေ။

ကျုံမှိန်ရွာကို စစ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်လေ့ရှိသော်လည်း လူသေဆုံးမှုမှာ ယခုတစ်ကြိမ်သည် ပထမဆုံးဖြစ်သည်ဟု အထက်ပါ ဒေသခံက ဆိုသည်။

“သူတို့ အင်အားမရှိလို့ စစ်ကြောင်းထိုး (ခြေလျင်စစ်ရေးလှုပ်ရှား) တာတော့ မရှိဘူး။ လက်နက်ကြီးတွေနဲ့ မကြာမကြာ ရမ်းသန်းပစ်တာ ရှိတယ်” ဟု ၎င်းက ဆိုသည်။

“စိတ်က တအားတိုသွားတယ်။ ဘာကြောင့် ပြည်သူတွေနေတဲ့ ရွာတွေထဲကို ပစ်တာလဲ။ တော်လှန်ရေးအင်အားစုတွေရှိတဲ့ နေရာကို တည့်တည့်ပစ်လေ။ သူတို့လည်း (နေရာ) သိနေတာပဲ”

လက်ရှိတွင် ကျုံမှိန်ရွာခံ ၃၀၀ ခန့်မှာ ရွာတွင်း မနေရဲတော့ဘဲ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည်ဟု ထိုသူက ဆိုသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။

မတ်လ ၃ ရက်နေ့ကလည်း စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ရင်း BGF ၁၀၁၄ က ပစ်ခတ်သည့် လက်နက်ကြီးကျည် ၂ လုံး ဘားအံမြို့နယ်ရှိ တုတ်ကြီးရွာသို့ ကျရောက်ပေါက်ကွဲပြီး အသက် ၃ နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

ကျုံမှိန်ရွာသည် KNU သထုံခရိုင် တပ်မဟာ (၁) ထိန်းချုပ်နယ်မြေတွင် ရှိသော ရွာတစ်ရွာဖြစ်သည်။ ၂၀၂၁ တွင် အာဏာသိမ်းသည့် စစ်တပ်၏ လုပ်ရပ်ကို KNU က အတိအလင်းကန့်ကွက်ထားပြီး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းမှုများရှိသည်။ စစ်ကောင်စီကလည်း KNU နယ်မြေများအတွင်း မြေပြင်၊ ဝေဟင် စစ်ဆင်ရေးများ၊ လက်နက်ကြီးနှင့် ပစ်ခတ်မှုများ ဆက်တိုက်လုပ်နေသည်။ myanmar now

လောင်းလုံး၌ ရွာသားများ စစ်ဘေးရှောင်၊ ခရီး သည်တင်ယာဉ်ဖြင့် စစ်သားများ လိုက်ပါနေသဖြင့် ပြည်သူများစိုးရိမ်၊ ရေးမြစ်ကူးတံတားရှိ စစ်တပ်ဂိတ် တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အနောက်ဘက်ခြမ်းကျေးရွာတွေ ဖြစ်တဲ့ ကရင်ကြီးကျေးရွာ၊ သဘော့ဆိပ်ကျေးရွာနဲ့ ပြင်ကြီးကျေးရွာတွေကို စစ်ကောင်စီတပ်က မတ် ၆ ရက်ကစပြီး လက်နက်ကြီးပစ်ခတ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ရွာသားတွေအားလုံးနီးပါး ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

မတ်လ ၆ ရက် မနက်က ကရင်ကြီးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပျူစောထီး၊ စစ်ကောင်စီပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အဲဒီရွာတွေဘက်ကို ပင်လယ်ပြင်မှာရှိနေတဲ့ စစ်ကောင်စီ ရေတပ်သ​င်္ဘောကရော ထားဝယ်မြို့နဲ့ ၄ မိုင်လောက်သာဝေးတဲ့ တောင်ကြောပေါ်ကနေပါ အ‌မြောက်တွေနဲ့ နှစ်ဖက်ညှပ် ပစ်ခတ်ခဲ့တာပါ။

အဲဒီနောက်မှာတော့ အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲဒီရွာ ၃ ရွာအပြင် အနီးအနားကျေးရွာတွေဖြစ်တဲ့ ကမ်းပနီ၊ ကျောက်ဆင်၊ မောင်းမကန်ကျေးရွာတွေ ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒီနေ့မနက်မှာတော့ ကရင်ကြီးကျေးရွာက နေအိမ် ၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

လက်ရှိ ရှောင်တိမ်းနေရတဲ့ သဘော့ဆိပ်ရွာခံ အမျိုးသမီးတဦးကတော့ ရွာအဝင်အထွက် လမ်းမတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေလို့ ပြန်မထွက်ရဲဘဲ တောတောင်တွေထဲ ပိတ်မိနေကြတဲ့ ရွာခံတွေရှိနေပြီး အခုထိလည်း ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒီကနေ့ နေ့လယ်က ဒီဗွီဘီကို ပြောပါတယ်။

“လက်နက်ကြီး စပစ်တဲ့နေ့ကဆို ကျမတို့ရွာထဲမှာ နှစ်လုံးပေါက်ကွဲတယ်။ မပေါက်ကွဲတာလည်း ရှိတယ်။ တခြားရွာတွေဘက်မှာလည်း ကျတယ်။ အခုက ရွာမှာ ဘယ်သူမှ မနေရဲကြတော့ဘူး။ အားလုံးနီးပါး ပြေးကုန်ပြီ။ တောထဲ ဝင်ပြေးသွားပြီး ပြန်မထွက်ရဲလို့ ပိတ်မိနေကြတာလည်း ရှိတယ်။”

၃ ရွာပေါင်း အိမ်ခြေ ၁,၀၀၀ ကျော်အထိရှိပြီး မြန်မာနိုင်ငံရဲ့ နာမည်ကြီး မောင်းမကန်ကမ်းခြေနဲ့ ၂ မိုင်လောက်သာဝေးတဲ့ အဲဒီရွာတွေက ရွာခံတွေဟာ ထားဝယ်မြို့ပေါ်နဲ့ ဆွေမျိုးတွေရှိတဲ့ တခြားရွာတွေမှာ သွားရောက်ခိုလှုံနေကြပြီး တောတောင်တွေထဲမှာ ​တိမ်းရှောင်နေကြရသူတွေလည်း ရှိပါတယ်။

လက်ရှိမှာတော့ အဲဒီရွာတွေရဲ့ အရှေ့ဘက်ခြမ်း တောင်ကြောတွေပေါ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ဒီနေ့မနက်ပိုင်းမှာတော့ အဲဒီရွာတွေဘက်ကို လာတဲ့ စစ်ကားတစီး ကျောက်ဆင်ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လောင်းလုံးမြို့နယ်ရဲ့ အောက်ဘက်ခြမ်း ကျေးရွာ ၅ ရွာလောက်က ရွာခံ ၁,၀၀၀ ကျော်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရန်ကြောင့် ပြီးခဲ့တဲ့ မတ်လ ၅ ရက်ကစပြီး တိမ်းရှောင်နေကြရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်-ရန်ကုန် အဝေးပြေးလမ်းမတလျှောက်မှာတော့ စစ်ကောင်စီတပ်သားတွေက ခရီးသွားယာဉ်တွေပေါ်မှာ အရပ်သားဟန်ဆောင်ပြီး စီးနင်းလိုက်ပါနေတာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။

ခရီးသွားပြည်သူတဦးက “ကျနော် မြိတ်ကိုအပြန် မော်လမြိုင်ဘက်ကိုသွားမယ့် ခရီးသွားယာဉ်တွေပေါ်မှာ စကစတပ်သားတွေ ပါတာတွေနဲ့ ခရီးသွားယာဉ်နဲ့အတူ စကစရဲ့ စစ်ကားတွေ သွားနေတာ တွေ့ရတယ်။ ပုလောက်နားမှာလည်း မြိတ်ဘက်ကိုသွားမယ့် ခရီးသွားယာဉ် ၄ စီးပေါ်မှာ စစ်ကောင်စီတပ်သားတွေ ပါလာတာ တွေ့ရတယ်” လို့ ပြောပါတယ်။

စစ်ကားတွေက ခရီးသွားယာဉ်နဲ့ အတူတူကပ်လိုက်တာတွေနဲ့ စစ်ကောင်စီတပ်သားတွေက ခရီးသွားယာဉ်တွေအပေါ်မှာ လိုက်ပါစီးနင်းတာကြောင့် စစ်ကောင်စီလက်ထက်မှာ ယာဉ်မောင်းရတာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ လုပ်ကိုင်နေရတယ်လို့ ခရီးသွားယာဉ်မောင်းတဦးက ဆိုပါတယ်။

မြိတ်ခရိုင်တပ်ရင်း-၁ တာဝန်ရှိသူတဦးက “ကျနော်တို့လည်း ဒေသခံပြည်သူတွေကို ခရီးသွားတာနဲ့ပတ်သက်ပြီး သတိပေးစာတွေ အမြဲတမ်း ထုတ်နေပါတယ်။ ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပေးဖို့ တောင်းဆိုပါတယ်။ စကစက အရပ်သားဟန်ဆောင်ပြီး ခရီးသည်ကားပေါ်တွေမှာ လိုက်ပါလာတာကလည်း ပြည်သူတွေကို ဓားစာခံလုပ်တာနဲ့ အတူတူပဲ” လို့ ပြောပါတယ်။

“အခုချိန်မှာ ခရီးသွားရတာ အန္တရာယ်များတယ်။ မြိတ်ကနေ မော်လမြိုင်တလျှောက်အထိ စကစဘက်က စစ်တာဆေးတာတွေ အရမ်းများတယ်။ ကျနော်တို့ကားပေါ်မှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာမှာလည်း ကြောက်နေရတယ်” လို့ ခရီးသွားပြည်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်စဉ် အများစုဟာ မြိတ်ခရိုင်နဲ့ ထားတယ်ခရိုင်အတွင်း မြို့နယ်တွေမှာ အများဆုံးဖြစ်ပွားခဲ့ပြီး တနင်္သာရီမြို့နယ်နဲ့ ပုလောမြို့နယ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်တွေလည်း ဖြစ်ပါတယ်။

မွန်ပြည်နယ်ရှိ ရန်ကုန်-ရေး-ထားဝယ်-မြိတ် ကားလမ်းပေါ်က ရေး မြစ်ကူးတံတား စစ်တပ် စစ်ဆေးရေးဂိတ်စခန်းကို မတ် ၇ ရက် မွန်းလွဲ ၂ နာရီကျော်မှာ ရေးဘီလူးအဖွဲ့က ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

တံတားရဲ့ စစ်ဆေးရေးဂိတ်စခန်းအပေါ်ကို ၆၀ မမ အားပြင်းတဲ့ လက်လုပ်ခွင်းဗုံးသီးနဲ့ ဒရုန်းကနေ ပစ်မှတ်ကို ထိမှန်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံး ရှိနိုင်ပြီး လက်ရှိ မြေပြင်အနေအထားအရ မသိရသေးဘူးလို့ ဆိုပါတယ်။

အခုလကစတင်ပြီး စစ်ဆင်ရေးတွေ ဆက်လက်အရှိန်မြှင့်သွားမှာမို့ ပြည်သူတွေ လူစည်ကားတဲ့ နေရာမှာ မသွားကြဖို့၊ တော်လှန်ရေးမှာ ပါဝင်ပူးပေါင်းပေးကြဖို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ထပ်မံတိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်ကလည်း ရေးတံတားကြီး စစ်ဆေးရေးဂိတ်စခန်းကို ရေးဘီလူးအဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ထားပြီး စစ်ကောင်စီဘက်က ၁၅ ယောက်ကျော် ကျဆုံးထားတယ်လို့ ဆိုပါတယ်။

ရေးတံတားကြီး စစ်ဆေးရေးဂိတ်ဟာ ဒေသကာကွယ်ရေးတပ်တွေ မကြာခဏ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတင်းကျပ်ထားတဲ့ စစ်ဆေးရေးဂိတ်တခုလည်း ဖြစ်ပါတယ်။ DVB

နေပြည်တော်စည်ပင်ဘဏ်က SME လုပ်ငန်းရှင် ၈ ဦးကို တရားစွဲမည်ဟု ကြေညာ

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းခန်းလှည့်လည်ကာ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို လိုက်လံစည်း ရုံးနေချိန် စစ်ကောင်စီ၏ နေပြည်တော်စည်ပင်ဘဏ်က SME လုပ်ငန်းရှင် ၈ ဦးကို အကြွေး ကျပ်သိန်းနှစ်သောင်း ရလိုမှုဖြင့် တရားစွဲဆိုမည်ဟု ကြေညာလိုက်သည်။

နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကြောင့် တိုင်းပြည်စီးပွားရေး ကျဆင်းနေချိန် ပြည်တွင်းအားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုသော ဓာတ်ပြားဟောင်းဖြင့် မင်းအောင်လှိုင်က အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ (SME) ကို ချေးငွေများထုတ်ပေးမည်ဖြစ်ကြောင်း မနားမနေ စည်းရုံးနေစဉ် နေပြည်တော်စည်ပင်ဘဏ်၏ အကြွေးတောင်းစာ ပေါ်ထွက်လာသည်။ 

လုပ်ငန်းရှင်ရှစ်ဦးအနေဖြင့် သီတင်းနှစ်ပတ်အတွင်း ပေးဆပ်နိုင်ခြင်း မရှိပါက တရားစွဲဆိုမည်ဟု နေပြည်တော်စည်ပင်ဘဏ်က ယနေ့ (မတ် ၈) ထုတ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ကြေညာထားသည်။

အသေးစားအလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ဂျပန်ဖွံ့ဖြိုးရေးအေဂျင်စီ (JICA) က ထုတ်ပေးသည့် နှစ်ဆင့်ချေးငွေကို နေပြည်တော်ဘဏ်မှတစ်ဆင့် ချေးယူထားခြင်းဖြစ်ကာ အရင်း၊ အတိုးနှင့် အာမခံကြေး ငွေများကို အကြိမ်ကြိမ်ပေးသွင်းရန် ပျက်ကွက်နေသည်ဟု ဆိုသည်။

နေပြည်တော်စည်ပင်ဘဏ်၏ ကြေညာချက်တွင် အသေးစားစီးပွားရေးလုပ်ငန်းရှင်ရှစ်ဦး၏ အမည်သာမက မှတ်ပုံတင်နံပါတ်၊ လုပ်ငန်းအမျိုးအမည်၊ တည်နေရာနှင့် ချေးယူထားသည့် ငွေကြေးပမာဏကိုပါ ထည့်သွင်းဖော်ပြထားသည်။

လုပ်ငန်းရှင်ရှစ်ဦးတွင် ပိုးထည်၊ အမှုန့်ကြိတ်လုပ်ငန်း၊ စားသောက်ဆိုင်၊ စက်ရက်ကန်း၊ ဆေးဆိုင်နှင့် မိတ္တူဆိုင်ရှင်တို့ ပါဝင်ပြီး မန္တလေးနှင့် နေပြည်တော်မှဖြစ်ကာ အနည်းဆုံး ကျပ်သိန်း ၄၆၀ မှ ၅၅၅၀ အထိ ချေးယူထားခြင်းဖြစ်သည်။

အကြွေးတောင်းခံရသည့် SME လုပ်ငန်းရှင်အချို့ကို ဆက်သွယ်မေးမြန်းရာတွင် ကိုဗစ်ကပ်ရောဂါကြောင့် ကျဆင်းခဲ့သော စီးပွားရေးမှာ စစ်အာဏာသိမ်းမှုကြောင့် ပိုဆိုးလာရာ လုပ်ငန်းရပ်တည်ရန်ပင် ခက်ခဲလာသဖြင့် အကြွေးမဆပ်နိုင်ခြင်းဖြစ်ကြောင်း တုံ့ပြန်ကြသည်။

စစ်ကောင်စီလက်အောက်ခံ နေပြည်တော်စည်ပင်ဘဏ်က တရားစွဲမည်ဟု ခြိမ်းခြောက်ထားသည့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များတွင် ရက်ကန်းလုပ်ငန်းရှင်တစ်ဦးလည်း ပါဝင်သည်။ မကြာမီက စစ်ကိုင်းတိုင်းရှိ စက်ရက်ကန်းရုံများကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့သည်ကို တွေ့ရသည်။ 

လက်နက်ကိုင်ခုခံမှု အားကောင်းသည့် စစ်ကိုင်းတိုင်းကို အာဏာသိမ်းစစ်တပ်က မြေလှန်မီးရှို့နေသဖြင့် ထိုဒေသနှင့် ချိတ်ဆက်၍ ၎င်းပိုင် အထည်အလိပ်လုပ်ငန်း ရပ်ဆိုင်းခဲ့ရသည်ဟု ထိုဒေသနှင့် ချိတ်ဆက်ကာ ရက်ကန်းထည် ဖြန့်ဖြူးရောင်းချနေသူတစ်ဦးက ဆိုသည်။​

“လုပ်ငန်းက အကုန်ရပ်လိုက်ရပြီ။ ပေးထားတဲ့ လက်ကမ်းအလှမ်း (ငွေကြိုပေး၊ ပစ္စည်းယူ) ပေးတာတွေက စစ်ကိုင်းဘက်မှာ။ ဘဏ်ချေးငွေယူပြီး အလှမ်းတွေပေးခဲ့တာပေါ့။ အကုန်လုံးက ဖုန်းလည်း ဆက်သွယ်လို့ မရတော့ဘူး။ သူတို့ကလည်း ပြေးရ ဘာညာ ဖြစ်ကုန်တော့ပေါ့” ဟု ထိုလုပ်ငန်းရှင်က ပြောသည်။

လုပ်ငန်းအားလုံး ရပ်ဆိုင်းထားရသဖြင့် ပိုင်ဆိုင်သည့်ပစ္စည်းများ ထုခွဲရောင်းချနေရကြောင်း၊ ဘဏ်နှင့် ညှိနှိုင်းသော်လည်း အတိုးအရင်း ပြန်ဆပ်ရန်သာ အကြောင်းပြန်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

နေပြည်တော်စည်ပင်ဘဏ်က ထုတ်ချေးထားသည့် ထိုချေးငွေများမှာ ဂျပန်ဖွံ့ဖြိုးရေးအေဂျင်စီ (JICA) က အာဏာသိမ်းပြီးနောက် ထုတ်ပေးသည့် ချေးငွေဟုတ်မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။

ကိုဗစ်ကာလတွင် အပေါင်ပစ္စည်းမလိုဘဲ ထုတ်ချေးထားခြင်းဖြစ်ကြောင်း၊ သတ်မှတ်ကာလ ပြည့်ချိန်တွင် ပြန်မဆပ်သည့်အတွက် လုပ်ထုံးလုပ်နည်းအရ တရားဝင်စာထုတ်ခြင်းဖြစ်ကြောင်း နေပြည်တော်စည်ပင်ဘဏ်မှ အရာရှိတစ်ဦးက ပြောသည်။

“အစိုးရသတင်းစာကနေ တရားဝင်ထုတ်တယ်။ ပြီးရင် တရားရုံးကနေ ဆင့်ခေါ်မယ်။ ဒါကတော့ လုပ်ထုံးလုပ်နည်းပါပဲ။ ချေးငွေထုတ်တဲ့ သဘောတူညီချက်အသေးစိတ်တော့ ကျွန်တော်လည်း မသိဘူး။ ခု ဆိုင်တွေက မရှိတော့တာတွေ နာမည်ပြောင်းဖွင့်တာတွေ လုပ်တော့ စာချုပ်ပါ အချက်အလက်အတိုင်း တရားရုံးမှာ ရင်ဆိုင်ကြရမယ်”

နေပြည်တော်စည်ပင်ဘဏ်၏ ထုတ်ပြန်ချက်ပါ လုပ်ငန်းများအနက် နေပြည်တော်ရှိ လုပ်ငန်းအချို့ကို ယနေ့ သွားရောက်လေ့လာရာတွင် တချို့ ဆိုင်ပိတ်ထားကာ တချို့က နာမည်အသစ်ဖြင့် ပြန်လုပ်ကိုင်နေသည်ကို တွေ့ရသည်။

ယခင်က ဘဏ်ချေးငွေအတိုးကို ပုံမှန်ပေးဆပ်နိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် စီးပွားရေးကျဆင်းမှုကြောင့် မဆပ်နိုင်တော့ဟု အကြွေးတောင်းခံရသည့် အခြားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အတိုးတွေက ဆပ်တာတော့ ဆပ်တာပေါ့။ ဒါပေမဲ့ မမီတော့ အဲလိုမျိုးဖြစ်သွားတာပေါ့။ မဆပ်တာ မဟုတ်ဘူး။ ဆပ်တယ်။ ဒါပေမဲ့ နည်းတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

အာဏာသိမ်းပြီးနောက် အဘက်ဘက်မှ ယိုယွင်းလာသော အခြေအနေများကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထွက်ခွာသည့်နည်းတူ နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများလည်း ရပ်ဆိုင်းလျက်ရှိသည်။​ ၂၀၂၂ ခုနှစ်အတွင်း၌ပင် လူမွဲခံယူခြင်းဆိုင်ရာဥပဒေဖြင့် ဖျက် သိမ်းပြီး၊ ဖျက်သိမ်းဆဲနှင့် ဖျက်သိမ်းရန် ပြင်ဆင်သည့် ကုမ္ပဏီ ၃၀၀ ကျော် ရှိနေသည်။

“အဓိကတော့ ဘဏ်ကြွေးတွေဗျ။ ဘဏ်ကြွေးတွေ မဆပ်နိုင်ကြတော့ဘူး။ အလုပ်တွေက မကောင်းကြဘူးလေ။ ပြီးတော့ တချို့လုပ်ငန်းတွေက ချေးငှားပြီး လုပ်ကြရတာ။ စီးပွားရေးမကောင်းရင် လုပ်ရတာ မလွယ်ဘူး” ဟု ရန်ကုန်မှ အကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ကို နေပြည်တော်စည်ပင်ဘဏ်အမည်ဖြင့်၂၀၁၃ တွင် တည်ထောင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် အမည်ပြောင်းလဲခဲ့သည်။ ၂၀၁၃ တွင် ထည့်ဝင်ပြီး မတည်ရင်းနှီးငွေ ကျပ်သန်းပေါင်း ၂,၀၀၀ ဖြင့် စတင်ခဲ့ရာမှ ၂၀၁၅ တွင် ကျပ်သန်း ၂၀,၀၀၀ အထိ တိုးမြှင့်ခဲ့သည်။ myanmar now

« Older Entries