စစ်ကောင်စီလက်ထက် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၁၆၀,၀၀၀ ကျော်သာရှိ

စစ်ကောင်စီလက်ထက်တွင် ဒုတိယအကြိမ်မြောက်ကျင်းပသည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တနိုင်ငံလုံးမှဝင်ရောက် ဖြေဆိုသူ ၁၆၀,၀၀၀ ကျော်သာရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ ၁၇၉,၈၄၃ ရှိသော်လည်း ယနေ့ မတ်လ ၈ ရက် စာမေးပွဲပထမနေ့တွင် မြန်မာစာဖြေဆိုသူ ၁၆၁,၈၅၁ ဦးသာ ရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ အခြေခံပညာရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရသိရသည်။

“စာမေးပွဲပထမနေ့မှာတွင် တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖြေဆိုသူ ၁၆၀,၀၀၀ ကျော် (တစ်သိန်းခြောက်သောင်းကျော်) ပဲရှိတယ်။ ကျန်တဲ့ရက်တွေမှာ မေးခွန်းအခြေအနေရယ်၊ ကျောင်းသားတွေရဲ့ဖြေဆိုနိုင်မှုအပေါ်မူတည်ပြီး ပျက်ကွက်တွေရှိလာဦးမှာပါ” ဟု ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှ ဘာသာရပ်ပြဆရာမတစ်ဦးက ဆိုသည်။

တနိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စာစစ်ဌာန ၈၅၈ ခုနှင့် နိုင်ငံခြားစာစစ်ဌာန ၅ ခု စုစုပေါင်း စာစစ်ဌာန ၈၃၆ခု ရှိကြောင်းသိရသည်။

စာမေးပွဲဖြေဆိုသူများတွင် ရန်ကုန်တိုင်းအတွင်းမှ ၂၃,၈၀၇ ဦးဖြင့် အများဆုံးဝင်ရောက်ဖြေဆိုပြီး၊ တိုက်ပွဲပြင်းထန်ပြီး နယ်မြေငြိမ်သက်မှုမရှိသည့် ကယားပြည်နယ်အတွင်းမှ ၉၂၁ ဦးဖြင့် အနည်းဆုံး ဝင်ရောက်ဖြေဆိုခြင်းဖြစ်သည်။

ယခုကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲသည် ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် ပြု လုပ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီကဆိုသည်။

“တချို့ကျောင်းသားမိဘနဲ့ ကျောင်းသားတွေကလည်း ဒီနှစ်က သင်ရိုးဟောင်းနောက်ဆုံးဆိုတော့ ဝင်ဖြေကြတာပေါ့လေ။ ကျောင်းသားတချို့ကလည်း စစ်ကောင်စီက ထိန်းချုပ်ထားတဲ့စာမေးပွဲဖြစ်လို့ CDM လုပ်တဲ့အနေနဲ့ ဝင်ရောက်မဖြေဆိုတာဖြစ်မယ်” ဟု အထက်ပါဆရာမက မှတ်ချက်ပြုပြောဆိုသည်။

စစ်ကောင်စီလက်ထက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသားကျောင်းသူ နှစ်သိန်း ရှစ်သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ တစ်သိန်းသုံးသောင်းကျော် အောင်မြင်ခဲ့ကာ တစ်နိုင်ငံလုံး အောင်ချက် ၄၆ ဒဿမ ၈၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း စစ်ကောင်စီလက် အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်မှုရာခိုင်နှုန်းများနှင့် ပတ်သက်၍ အနီးစပ်ဆုံးအနေဖြင့် အရပ်သားအစိုးရလက်ထက်၂၀၂၀ခုနှစ်တွင် ကျောင်း သား၊ ကျောင်းသူ ၉၁၀,၂၂၉ ဦး ဖြေဆိုခဲ့ ပြီး ၂၉၁,၇၉၈ ဦး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၃၂ . ၀၆ ရာခိုင်နှုန်း ရှိခဲ့သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s