စစ်ကြောင်းထိုးလာစဉ် ကတိုက်ကရိုက် တိမ်း ရှောင်ရသည့် အဖွားအို စောင်မပါဘဲ အအေးမိ သေဆုံး

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့် ခင်ဦးမြို့နယ်အနောက်ပိုင်းတွင် စစ်ရှောင်နေရသည့် အသက် ၉၀ ကျော်အဘွားအိုတစ်ဦး အအေးမိ သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
ခင်ဦးနယ် ကလုံကျေးရွာသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်စဉ် အနီးတွင်ရှိနေသည့် သရက်ကုန်းကျေးရွာမှ ဒေသခံများ တောင်ယာတောတိုက်များအတွင်းသို့ ထွက်ပြေးတိမ်းရှောင်စဉ် ၉၂ နှစ် အရွယ် ဒေါ်ခင်တုတ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
“စစ်ကြောင်းက ဝင်လာတဲ့အချိန် စောင်ကအစ မသယ်နိုင်ဘဲ ထွက်လာရပြီးတော့ တောတိုက်မှာ ညအိပ်တဲ့အချိန် အအေးမိသွားတာ။ ဒီမှာက ညပိုင်းတွေ အေးသေးတော့ လူကြီးတွေအတွက် စောင်မပါဘဲ မခံနိုင်ဘူး”ဟု ခင်ဦးဒေသ ကာကွယ်တပ်ဖွဲ့တစ်ခု၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ယခုလ ၅ ရက်နေ့မှ စတင်ပြီး အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီတပ်သည် ရေဦး၊ ကန့်ဘလူ၊ ခင်ဦးမြို့နယ် အစပ်များရှိ ကျေးရွားများသို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
မတ် ၆ တွင် ခင်ဦးနယ်အနောက်ပိုင်းရှိ ကလုံကျေးရွာဆီ ဦးတည်လာခဲ့သည့်အတွက် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံလူထုမှာ ဘေးကင်းမည်ယူဆရသည့် တောင်ယာတဲတိုက်များဆီ ရှောင်ပြေးကြရာတွင် သရက်ကုန်းကျေးရွာလည်း အပါအဝင်ဖြစ်ခဲ့သည်။
ကလုံကျေးရွာဆီ ဦးတည်လာခဲ့သည့် စစ်ကောင်စီတပ်က စစ်ရှောင်လူထုကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည့်အတွက်လည်း မုံလှကျေးရွာမှ အသက်၈ နှစ်အရွယ် မဆုရတနာမြင့်လည်း ဦးခေါင်းကို သေနတ်ကျည်ထိမှန်သေဆုံးခဲ့ရသေးသည်။
ရေဦး၊ ခင်ဦးနှင့် ကန့်ဘလူမြို့နယ်တို့တွင် စစ်ကြောင်းထိုးခံနေရသည့်အတွက် ကျေးရွာအများအပြားမှ ဒေသခံပြည်သူ ၈၀၀၀ ကျော်မှာ စစ်ဘေးဒုက္ခကို ရင်ဆိုင်နေကြရပြီး၊ စားသောက်နေထိုင်နေရေး အတွက် အခက်အခဲများ ကြုံနေကြရကြောင်း ခင်ဦးနယ် ဒေသခံတို့က ဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီတွင် စစ်ကောင်စီက ၎င်းတို့ နယ်မြေစိုးမိုးထိန်းချုပ်နိုင်ခြင်းမရှိသည့် ဒေသများကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာတွင် စစ်ကိုင်းတိုင်းတွင်းမှ မြို့နယ်အများအပြားပါဝင်ခဲ့ပြီး၊ စစ်ကိုင်းတိုင်းအတွင်းသို့ စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူများကို အစုလိုက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသည်။ myanmar now