စစ်တပ်ပိုင် အာမခံကုမ္ပဏီကို ရခိုင်တိုင်း ရင်းသားလုပ်ငန်းရှင် တရားစွဲမည်

အာမခံလျော်ကြေးများ ပေးချေရန် ပျက်ကွက်သည့် စစ်တပ်ပိုင် အောင်သစ္စာဦး အာမခံကုမ္ပဏီကို တရားစွဲဆို တောင်းခံသွားမည်ဟု ရခိုင် ပြည်နယ်အခြေစိုက် ဆန်စက်ပိုင်ရှင်တစ်ဦးက နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ကြေညာထားသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနားလမ်းရှိ ဆန်စက်ပိုင်ရှင် ဦးအောင်ဇော်ဝင်းသည် ၎င်း၏ဆန်စက်ကို ၂၀၁၈ ခုနှစ်မှစ၍ အောင်သစ္စာဦးကုမ္ပဏီထံ အာမခံထားရှိခဲ့ကြောင်း ၎င်း၏ အာမခံတွင် စက်ပစ္စည်းအာမခံတင်မက မီးဘေး၊ အဓိကရုဏ်းများနှင့် မသမာဖျက်စီးမှုများပါအကျုံးဝင်သည့် အာမခံများကိုပါ အောင်သစ္စာဦးကုမ္ပဏီထံတွင် ဝယ်ယူထားသည်ဟုဆိုသည်။  

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ မတ်လတွင် ၎င်း၏ ဆန်စက်ကို ဒုစရိုက်သမားများက ဝင်ရောက်ဖျက်ဆီးခဲ့သည်ဟု သိရသည်။၎င်း၏ ဆုံးရှုံးမှုများအတွက် စစ်တပ်ပိုင် မြဝတီဘဏ်မှတစ်ဆင့် အောင်သစ္စာဦးကုမ္ပဏီထံ အာမခံလျော်ကြေးတောင်းခံခဲ့သော်လည်း ယခုအချိန်အထိ ပေးလျော်ခြင်းမရှိသဖြင့် တရားစွဲဆိုသွားမည်ဟု ဦးအောင်ဇော်ဝင်းက ရှေ့နေ့မှတစ်ဆင့် နိုင်ငံပိုင်သတင်းစာများတွင် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကြေညာခဲ့သည်။  

မြဝတီဘဏ်နှင့် အောင်သစ္စာမင်း အာမခံကုမ္ပဏီတို့ထံသို့  အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့သည်၊ အာမခံကုမ္ပဏီက အခင်းဖြစ်ရာသို့ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းမရှိဘဲ စည်းမျဉ်းစည်းကမ်းနှင့် မညီ၍ ပေးလျော်မည်မဟုတ်ဟု ၂၀၂၂ ဇွန်တွင် အကြောင်းကြားလာခဲ့၍ တရားစွဲဆို တောင်းခံသွားမည်ဟု ဦးအောင်ဇော်ဝင်း၏ ကြေညာချက်က ဆိုသည်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ အောင်သစ္စာဦး အထွေထွေအာမခံကုမ္ပဏီမှာ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) လက်အောက်ခံ ကုမ္ပဏီတစ်ခု ဖြစ်သည်။

၎င်းအာမခံကုမ္ပဏီ၏ ငွေကြေးဆိုင်ရာ ကိစ္စများကို စစ်တပ်ပိုင် ဦးပိုင်လီမိတက်၏ လက်အောက်ခံဘဏ်ဖြစ်သည့် မြဝတီဘဏ်လီမိတက်က တာဝန်ယူ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

အောင်သစ္စာဦး အာမခံကုမ္ပဏီကို စစ်တပ်က ပိုင်ဆိုင်ခြင်း မပိုင်ဆိုင်ခြင်းထက် အမှုသည်၏ နစ်နာမှုအပေါ်တွင် မူတည်ဆောင်ရွတ်ရခြင်းဖြစ်ပြီး တစ်လအတွင်း တရားစွဲဆိုသွားမည်ဟု ထိုအမှုကို လိုက်ပါ ဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက Myanmar Now ကို ယနေ့ ပြောကြားသည်။

“တရားဆွဲဖို့ကတော့ သတင်းစာထဲ ကြေညာထားပြီးပြီဆိုတော့ ကျွန်တော်တို့ လုပ်မှာပါ။ ဒီကြားထဲတော့ ပြင်ဆင်စရာတွေရှိပါတယ်။ တစ်လနီးပါးလောက်တော့ ကြာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဦးအောင်ဇော်ဝင်း၏ ဆန်စက်မှာ မင်းပြားမြို့တွင် လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားနေချိန် မသမာသူများက ဝင်ရောက်ဖျက်စီးခဲ့၍ ဆန်စက် လည်ပတ်မရအောင် ပျက်စီးခဲ့ရသည်ဟု အဆိုပါ ရှေ့နေက ဆက်ပြောသည်။ 

“ကျွန်တော်တို့က ဘယ်သူပိုင်တယ် မပိုင်တယ်ဆိုတာထက် ကျွန်တော်တို့ကို အမှုသည်က နစ်နာတယ်ဆိုတဲ့ဘက်ကိုပဲ ဦးတည်ပြီးသွားတာဆိုတော့ ဘယ်သူပိုင်တယ်၊ မပိုင်တယ်ဆိုတာက ကျွန်တော်တို့နဲ့ သိပ်မသက်ဆိုင်ဘူးပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ဆန်စက်ပိုင်ရှင်၏ ထုတ်ပြန်ကြေညာချက်သည် အောင်သစ္စာဦးကုမ္ပဏီကို သိက္ခာကျစေကြောင်း၊ ၎င်း၏ အာမခံလျော်ကြေးတောင်းခံမှုသည် အာမခံမူဝါဒနှင့် မကိုက်ညီကြောင်း ထပ်မံကြေညာချက်များပြုလုပ်ပါက တရားမကြောင်းအရ တရားစွဲသွားမည်ဖြစ်ကြောင်းနှင့် တရားစွဲခံရပါကလည်း တရားရင်ဆိုင်သွားမည်ဟု အောင်သစ္စာဦးကုမ္ပဏီက ယနေ့ (မတ် ၇) တွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် တန်ပြန်ကြေညာသည်။

မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများကို  မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလီမိတက် (MEC) တို့က အဓိက ဦးဆောင် လုပ်ကိုင်ပေးနေခြင်းဖြစ်ပြီး ထိုလုပ်ငန်းစု ၂ ခုလုံးကို နိုင်ငံတကာက အရေးယူပိတ်ဆို့ထားပြီးဖြစ်သည်။

စစ်တပ်ပိုင် MEC နှင့် MEHL လုပ်ငန်းစုကြီးများ၏ လက်အောက်တွင် ကုမ္ပဏီပေါင်း ရာနှင့်ချီ ရှိနေပြီး ဆောက်လုပ်ရေး၊ ဘဏ်နှင့် အဖိုးတန် တွင်းထွက်ပစ္စည်းတူးဖော်ရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်နေသည်။ 

အောက်ပါကုမ္ပဏီများမှာ စစ်တပ်၏ ဦးပိုင်ကုမ္ပဏီက ၁၀၀ ရာခိုင်နှုန်းပြည့်ပိုင်ဆိုင်သော ကုမ္ပဏီများဖြစ်သည်။

myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s