စစ်အုပ်ချုပ်ရေးကြေညာထားသော တနင်္သာရီမြို့နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် မတ်လ ၇ ရက်နေ့ ညနေပိုင်းက ညောင်ပင်ကွင်းအရှေ့ကမ်း၌ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ကပစ်ခတ်သော လက်နက် ကြီးကြောင့် PDF ရဲဘော်တစ်ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိနေကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။
စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအရှေ့ကမ်းရှိ စစ်ကောင်စီနှင့် ပျူ စောထီးအဖွဲ့တို့ လုံခြုံရေးယူထားသည့်တံတားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်လုပ်ဗုံးဖြင့် သွား ရောက်ပစ်ခတ်ပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဒေ သခံများနှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
PDF ရဲဘော် တစ်ဦးက “တိုက်ပွဲက မနေ့ညနေပိုင်းလောက်က ဖြစ်တာပါ။ ကျွန်တော်တို့ဖက်က ရဲဘော် တစ်ဦး ကျတယ်၊ ထိခိုက်ဒဏ်ရာရသူတွေ လည်းရှိလို့ ပြန်ဆုတ်ခဲ့ရတယ်”ဟု ပြောသည်။
တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုနှင့်ပတ်သက်ပြီး နှစ်ဖက်လုံးမှ သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးပြီး လေး ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ရေးသားဖော်ပြထားသည်။
တနင်္သာရီမြို့တွင် လက်တလော၌ မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီက ပြည်သူများကို ဖမ်းဆီးမှုများ ခပ်စိတ်စိတ်ပြုလုပ်နေပြီး ဖမ်းဆီးခံရသူများကိုလည်း အကြမ်းဖက်ပုဒ်မများဖြင့် အမှုဖွင့်အရေးယူမှုများ ပြုလုပ်နေပြီး လက်ရှိအချိန်အထိ အမျိုးသမီးခုနစ်ဦး အမှုဖွင့်အရေးယူခံထားရကြောင်း ဒေသခံများထံမှ သိရသည်။
တနင်္သာရီမြို့နယ်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီ နှစ်ဖက် တိုက်ပွဲများနှင့် အရပ်သား ဖမ်းဆီးခံရမှုများလည်း ဆက်တိုက်ရှိလာခဲ့သည်။ mizzima