တန့်ဆည်မြို့မှ NLDပါတီဝင်အမျိုးသမီးတဦးကိုစစ်ကောင်စီဖမ်းဆီး၊စစ်ကောင်စီဖမ်းဆီးထားသည့် NLDပါတီဝင် ၁,၂၀၀ကျော်ရှိလာ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီဝင်အမျိုးသမီးတဦးသည် ဖားကန့်တွင်တိမ်းရှောင်နေစဉ် စစ်ကောင်စီကဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။

တန့်ဆည်မြို့နယ် NLD ပါတီဝင်ဒေါ်မာမာအေးသည် ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊မှော်စီဆာ ကျေးရွာအုပ်စု၊ဖားပြင်ကျေးရွာတွင် မတ်လ (၆)ရက်ညက ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

အသက် ၄၀ နှစ်အရွယ်ဒေါ်မာမာအေးသည် ဖားကန့်ရှိ ၎င်း၏ ဆွေမျိုးအိမ်တွင်လာရောက်တိမ်းရှောင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုးညင်းခရိုင် NLD ပါတီသတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

“သူက ဒီ(ဖားကန့်)ကိုရောက်လာတာလည်း မကြာသေးဘူးလို့တော့ သိထားတယ်။ အဲ့မှာ ဘယ်ကနေ ဘယ်လိုသတင်းတွေရသွားပြီး လာဖမ်းသွားမှန်းမသိဘူး” ဟု NLD ပြန်ကြားရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ဒေါ်မာမာအေးကို စစ်ကောင်စီတပ်က မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသေးသလို ကျန်မိသားစုဝင်များနှင့်လည်း အဆက်အသွယ်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ဖားကန့်တွင် ယခုလလဆန်းပိုင်းအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို မကြာခဏဖမ်းဆီးနေသည်။မတ်လ၁ရက်နေ့တွင် ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာ ဒေသခံ ၁၀၀ကျော်ကို ဖမ်းဆီးခဲ့သည်။ပြန်လည်လွတ်မြောက်လာသူအချို့ရှိ‌သော် လည်း ဖမ်းဆီးခံထားရသူများလည်းရှိနေသေးသည်။ယမန်နေ့ မတ်လ ၇ရက်ညကလည်း ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်မှ အရပ်သား ခုနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။

စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးချိန်မှစ၍ ဇန်နဝါရီလ ၅ရက်အထိ မတရားဖမ်းဆီးထိမ်းသိမ်းခံထားရသူများအနက် လွှတ်တော်ကိုယ်စား လှယ် ၈၀ ဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁,၂၃၂ ဦးပါဝင်ကြောင်း၊ဖမ်းဆီးထားစဉ်အတွင်းနှင့်အကြောင်းမဲ့သတ်ဖြတ်ခံရသူများအနက် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၈၄ ဦးရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုအလုပ်ကော်မတီက ဇန်နဝါရီ ၂၉ရက်တွင် ထုတ်ပြန်ထားသည်။

အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်ကောင်စီကကျူးလွန်သော ရာဇဝတ်မှုများကို နိုင်ငံတကာဥပဒေများနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေးအတွက် ယခုထက်ပိုမိုထိရောက်စွာ ကူညီပေးကြပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မေတ္တာရပ်ခံထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s