တိုက်ပွဲဖြစ်သည့် ဖားကန့်တွင် အရပ်သား ၂ ဦး ဒဏ်ရာရပြီး ၄၀ နီးပါး အဖမ်းခံရ

ကချင်ပြည်နယ် ကျောက်စိမ်းမြို့တော် ဖားကန့်တွင် သုံးရက်အတွင်း လူ ၄၀ နီးပါး ဖမ်းဆီးခံထားရသလို တိုက်ပွဲဖြစ်ပွားမှုကြောင့် နှစ်ဦး ဒဏ် ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ (မတ် ၇) ည ၁၀ နာရီခန့်က ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို အာဏာသိမ်းတပ်က ဝင်ရောက်စီးနင်းပြီး အများအပြားကို ဖမ်းဆီးသွားရာ ထိုအထဲတွင် ဆိုင်ရှင်လည်း ပါသွားသည်ဟု ဖားကန့်ဒေသခံ ဈေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

“မှော်ဝမ်းရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်၊ ဆိုင်နာမည်က ကြယ်စင်ဟိန်းဆိုလားပဲ၊ ညဘက်ကြီး တစ်ဆိုင်လုံး ဖမ်းသွားတာ၊ ၁၀ ယောက်လောက် ရှိတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုစျေးသည်က ပြောသည်။

ထို့ပြင် မတ် ၆ ရက် ညနေ ၆ နာရီခန့်တွင် လုံးခင်းကျေးရွာအတွင်း ပါဂျဲရို၊ လန်ခရူဆာ စသည့် အရပ်ဘက်သုံးမော်တော်ယာဉ်များနှင့် ရောက်ရှိလာသော အရပ်ဝတ်လက်နက်ကိုင်များက ရွာအတွင်းရှိ အသက် ၂၀ ကျော်အရွယ် လူငယ်များကို ဖမ်းဆီးသွားသည်။

ဈေးဝယ်သူများနှင့် အချို့ကို နေအိမ်အတွင်းထိ ဝင်ရောက်ကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဒေသခံအမျိုးသားများ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသလို မည်သည့်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ခြင်း၊ ဝန်ခံခြင်း မရှိသေးပေ။

ထိုနေ့ တစ်ရက်တည်းမှာပင် ဖားကန့်မြို့နယ် ဖားပြင်ရွာသို့ လာရောက်တိမ်းရှောင်နေသည့် စစ်ကိုင်းတိုင်းမှ အမျိုးသမီးတစ်ဦးကို စစ်တပ်က လာရောက်ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုသူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် အသက် ၄၀ အရွယ် ဒေါ်မာမာအေးဖြစ်ပြီး ဖားပြင်ရွာရှိ ညီမဖြစ်သူ၏ နေအိမ်တွင် နေထိုင်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းဌာနတချို့က သတင်းရေးသားဖော်ပြထားသည်။

ကမ္ဘာကျော်‌ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့သည် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ လှုပ်ရှားသည့် ဒေသဖြစ်ပြီး အကျိုးစီးပွားအတွက် ဖားကန့်မြို့ကို ထိန်းချုပ်နိုင်ရန် လက်နက်ကိုင်နှစ်ဖွဲ့လုံးက ကြိုးစားနေကြရာ ဒေသတွင်း အဖမ်းအဆီး၊ အပစ်အခတ်များ ဆက်တိုက်ဖြစ်နေသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ည ၁၁ နာရီခန့်တွင် ဖားကန့်မြို့နယ် ဆိုင်းတောင်စစ်တပ်ကုန်းကို KIA က လာရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဖားကန့်မြို့ခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာကို အနီးအနားရှိ ဆန်းကြွယ်စစ်တပ်ကုန်းမှ စစ်ကောင်စီတပ်က ပစ်ကူပေးခဲ့ရာ လူနေရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျခဲ့သည်၊ အသက် ၅၀ ခန့်ရှိ အမျိုးသမီးတစ်ဦးနှင့် သမီးဖြစ်သူ ၁၀ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု အထက်ပါ အမျိုးသားက ဆိုသည်။

“သူတို့ (စစ်ကောင်စီ) လက်နက်ကြီး ရမ်းထုလိုက်လို့ အဲဒီနားလေးက သားအမိနှစ်ယောက် ဒဏ်ရာရသွားတယ်။ (ဒဏ်ရာ) အရမ်းတော့ မဆိုးဘူး ပြောတယ်။ အိမ်ခေါင်မိုးကို လာမှန်တာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုအမျိုးသားက ပြောသည်။

ယနေ့တွင်‌မူ ဖားကန့်မြို့တွင် ငြိမ်သက်လျက်ရှိကြောင်း၊ ယနေ့ အစပြုသည့် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေသောကြောင့် အပစ်ရပ်ထားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် KIA ထိန်းချုပ်၊ လှုပ်ရှားရာ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။ KIA နှင့် ပတ်သက်သည့် နယ်မြေများအနက် ကမ္ဘာကျော် ကျောက်စိမ်းမြို့တော်သည် တိုက်ပွဲအကြိမ်ရေ အများဆုံးနှင့် အပြင်းထန်ဆုံးမြို့နယ် ဖြစ်ခဲ့သည်။

အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းနေထိုင်သူအများအပြားကို ဖားကန့်တွင် တွေ့နိုင်သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s