ဗုံးဆက်တိုက်ပေါက်သည့် နေပြည်တော်တွင် လုံခြုံရေးတင်းကျပ်ထား

အာဏာသိမ်းစစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပြီးနောက် ဧည့်စာရင်းစစ်ဆေးမှုများပြုလုပ်နေပြီး လုံခြုံရေးတင်းကျပ်ထားသည်ဟု ဒေသခံများနှင့် အုပ်ချုပ်ရေးမှူး အချို့ကပြောသည်။
“ဧည့်စာရင်းမတိုင်တဲ့သူတွေ၊ မသင်္ကာဘူးဆိုပြီး ဖမ်းသွားတာမျိုးတွေရှိတယ်။ ဟိုမေး ဒီမေးပြီးရင် ပိုက်ဆံတောင်းပြီး ပြန်လွှတ်တာပဲ”ဟု အဆိုပါမြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။
ပတ်ကင်း၊ လှည့်ကင်းတို့ဖြင့် ညဘက်လုံခြုံရေးရယူထားသည့် ရဲနှင့် စစ်ကောင်စီတပ်သားတို့က ယင်းတို့ဝင်ရောက်စစ်ဆေးလိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်၍ လိုက်ပါစစ်ဆေးပေးရန် ပြောဆိုကြောင်း အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးက ပြောသည်။
“ဗုံးကွဲတဲ့လူငယ်တွေနဲ့ အချုပ်ကားပေါ်က ထွက်ပြေးပြီး မမိသေးတဲ့သူတွေကို ဇဗ္ဗူသီရိမြို့နယ်ထဲမှာ ခိုအောင်းနေတယ် သတင်းကြားလို့ စစ်ဆေးတယ်ပြောတာပဲ”ဟု အဆိုပါ အုပ်ချုပ်ရေးမှူးက ဆိုသည်။
ဝန်ထမ်းအိမ်ယာဘက်များနှင့် မြို့ပေါ်နေရပ်ကွက်များကို စစ်ဆေးခြင်းမရှိဘဲ ဗုံးပေါက်ကွဲသည့် အနီးနားဝန်းကျင်မှ ရပ်ကွက်၊ ရွာအချို့ကို စစ်ဆေးခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
“လာရင်လည်း အရက်မူးပြီးလာကြတာ၊ ပြောရဆိုရ ညှိုနှိုင်းရတာ အဆင်မပြေဘူး၊ အတိမ်းအစောင်းလည်း မခံဘူး၊ သူတို့လုပ်ချင်သလို အကုန်လုပ်တာ”ဟု ၎င်းက ဆိုသည်။
နေပြည်တော်ဝင်ပေါက်များနှင့် ဗုံးပေါက်ကွဲသည့်နေရာ အနီးတစ်ဝိုက်တွင်လည်း ညနေ ခြောက်နာရီမှ စ၍ ဖြတ်သွားဖြတ်လာ ဆိုင်ကယ်နှင့် ကားများတွင် လက်နက်ပါ၊ မပါ တောက်လျှောက် စစ်ဆေးနေသည်။
ထိုသို့ စစ်ဆေးမှုကို လက်မခံဘဲ ထွက်ပြေးသည့် ဆိုင်ကယ်တစ်စီးကို သေနတ်ကျည်ဖြင့် ပစ်ခဲ့မှု လွန်ခဲ့သည့်ရက်ပိုင်းက နေပြည်တော် ဗုဗ္ဗသီရိမြို့နယ်ရှိ ကျည်တောင်ကန် လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဉီးက ပြောသည်။
လမ်းမပေါ်များတွင်လည်း ကားတာယာများနှင့် သံဆူးကြိုးအကာကွယ်များဖြင့် လုံခြုံရေးတိုးမြှင့်ထားသည်ကို တွေ့ရသည်။
စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဉီးမြညိမ်း နေအိမ်ဖေဖော်ဝါရီ ၂၈ရက် ဗုံးပေါက်ကွဲခဲ့သေးသည်။ အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ရင်းနှီးသူ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်ညွှန်ချုပ်ဟောင်း ဦးကျော်မြင့်လှိုင်ပိုင် Mandalay Paradise စားသောက်ဆိုင်တွင်လည်း မတ်လ ၁ ရက်က ပေါက်ကွဲမှုဖြစ်ခဲ့သေးသည်။
ယင်းအပြင် မတ်လ ၂ ရက်ကလည်း နေပြည်တော်ကောင်စီရုံးလမ်းနှင့် အလျင်လိုရွာ လမ်းထောင့်ရှိ သဲအိတ်၊ ကားတာယာများ ချ၊ ခြံစည်းရိုးခတ်၍ လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဂိတ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံခဲ့ရသည်။ myanmar now