မဲဇလီကုန်းမြို့တွင် စာမေးပွဲလုံခြုံရေးယူပြီး ပြန်လာသည့် ရဲ ၅ ဦးနှင့် ပျူစောထီး ၁ ဦး မိုင်းဆွဲတိုက်ခိုက်ခံရ

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ အထက်တန်းကျောင်းအနီး အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့ မတ်လ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်က မိုင်းပေါက် ကွဲမှုဖြစ်ပွားခဲ့ကြောင်းဒေသခံများထံမှ သိရသည်။
မဲဇလီကုန်းမြို့ အထက်တန်းကျောင်း၌ပြုလုပ်နေသည့် စာမေးပွဲအား လုံခြုံရေးယူပေးပြီးပြန်လာသည့် ရဲငါးဦးနှင့် ပျူစောထီးတစ်ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖောက်ခွဲမှုပြုလုပ်ခဲ့သည် စွန်ရဲနီ နွေဦးတော်လှန်ရေး အောင်ဆန်းတပ်ရင်းမှ ဗိုလ်သူရိန်ကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို စွန်ရဲနီနွေဦးတော်လှန်ရေး အောင်ဆန်းတပ်ရင်းနှင့် အင်္ဂပူမြို့နယ်(ပကဖ)တို့ ပူး ပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“စာမေးပွဲဖြေတဲ့ကျောင်းကို လုံခြုံရေးယူပေးပြီး အဖြေလွှာစာရွက်တွေပြန်ပို့မဲ့အဖွဲ့ကို ထပ်ပြီးလုံခြုံရေး ယူပေးတဲ့ ရဲငါးယောက်နဲ့ ပျူစောထီးတွေကို မိုင်းဆွဲခဲ့တာပါ။ ထိခိုက်မှုရှိနိုင်တယ်။ အသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု ဗိုလ်သူရိန်ကပြောသည်။
PDF ပူးပေါင်းအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ရဲငါးဦးနှင့် ပျူစောထီးတစ်ဦး စီးလာသည့်ဆိုင်ကယ်များ လမ်းဘေးမြောင်းထဲသို့ ထိုးကျသွားသည်ဟုသိရပြီး ဖောက်ခွဲမှုအပြီးတွင် PDF များ အထိအခိုက်မရှိ ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီတပ်နှင့် ရဲများက မြို့အနှံ့စစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရပြီး လမ်းမကြီးများပေါ်၌ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းအပိုင် ရိုးမအတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များအား စွန်ရဲနီနွေဦးတော်လှန်ရေး အောင်ဆန်းတပ်ရင်းနှင့် အင်္ဂပူမြို့နယ်(ပကဖ)တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါ အဝင် လေးဦးသေဆုံးခဲ့သည်။ mizzima