မြန်မာ့အပူ အာဆီယံနှင့် ဒေသတွင်းနိုင်ငံများကိုပါ ကူးလာပြီဟု မလေးရှား သတိပေး

မလေးရှားအပါအဝင် ဒေသတွင်းနိုင်ငံများကို ထိခိုက်စေသည့် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရန် ပိုမိုထိရောက်သည့် အစီအမံများ ချမှတ်သင့်သည်ဟု မလေးရှားဝန်ကြီးချုပ် Datuk Seri Anwar Ibrahim က ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက်သည်။
“ထိုင်း၊ စင်္ကာပူဝန်ကြီးချုပ်များ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် သမ္မတတို့နဲ့ အစည်းအဝေးတိုင်းမှာ အာဆီယံအနေနဲ့ ဆက်ပြီးတော့ ထိတွေ့ဆက်ဆံဖို့ လေးလေးနက်နက်အကြံပြုခဲ့ပါတယ်၊ ဒါပေမယ့် တခြားထိရောက်တဲ့နည်းလမ်းတွေ စဉ်းစားပြီးတော့ ဒါကိုဖြေရှင်းဖို့ပါ၊ ဒီလိုမှမဟုတ်ရင်တော့ အကြမ်းဖက်မှုတွေဟာ မြန်မာပြည်တွင်းမှာသာမကဘဲ ကျွန်တော်တို့အပေါ်မှာပါ သက်ရောက်လာပါလိမ့်မယ်” ဟု Datuk Seri Anwar Ibrahim က ပြောဆိုကြောင်း မလေးရှားအခြေစိုက် ဘနားမား သတင်းက ရေးသည်။
မြန်မာနိုင်ငံအတွင်း ပေါ်ပေါက်နေသည့် အကျပ်အတည်းများကြောင့် ရိုဟင်ဂျာဒုက္ခသည် ၂၀၀,၀၀၀ ခန့်ကို မလေးရှားနိုင်ငံက လက်ခံထားရှိပြီး လက်ရှိတွင်လည်း မြန်မာနိုင်ငံမှ ဒုက္ခသည်များ ဝင်ရောက်လာကြောင်းလည်း ၎င်းက ပြောသည်။
အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများကို လေးစားရန် မြန်မာစစ်အစိုးရက လျစ်လျူရှုထားခြင်းကြောင့် ဒုက္ခသည်ပြဿနာကို ပိုမိုဆိုးလာစေသည်ဟုလည်း မလေးဝန်ကြီးချုပ်ကဆိုသည်။
“(အာဆီယံမူအရ) ဟုတ်ပါတယ် ဝင်ရောက်စွက်ဖက်ခြင်းမပြုတဲ့ (မူဝါဒ) ရှိတယ်၊ စွက်ဖက်သင့်တယ်လို့ ကျွန်တော်အကြံပေးနေတာ မဟုတ်ပါဘူး ဒါပေမယ့် အခုအနေအထားက ကျွန်တော်တို့ကို စီးပွားရေးနဲ့ နိုင်ငံရေးအရ ထိခိုက်မှုတွေ ဖြစ်စေတယ်” ဟု Datuk Seri Anwar Ibrahim ပြောသွားသည်။
မြန်မာ့အရေးနှင့်ပတ်သက်၍ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနိုင်ငံများက ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိသည်။ အကြမ်းဖက်မှုများရပ်တန့်ရေး၊ အကျဉ်းသားများလွှတ်ပေးရေး၊ သက်ဆိုင်သူများ တွေ့ဆုံဆွေးနွေးကြရန် အာဆီယံဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားသော်လည်း စစ်ကောင်စီက အကောင်အထည်မဖော်နိုင်ခြင်းအတွက် အာဆီယံခေါင်းဆောင်များကြား မြန်မာ့အရေးသည် ရှုပ်ထွေးသည့် ဖြစ်ရပ်အဖြစ် ဆက်ရှိနေသေးသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံသည်လည်း မြန်မာ့အရေး ဖြေရှင်းနိုင်ခြင်းမရှိဘဲ ၂၀၂၃ ခုနှစ်တွင် အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ဆက်လက်တာဝန်ယူလျက်ရှိသည်။ သို့သော် သိသာသည့် ဖြစ်ပေါ်တိုးတက်မှုမျိုး အလှည့်ကျ ဥက္ကဋ္ဌသစ် လက်ထက်တွင်လည်း မတွေ့ရသေးပါ။myanmar now