မြန်မာ့အရေးက စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်နေဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးပြော
ယူကရိန်းနဲ့မြန်မာနိုင်ငံအခြေအနေတွေက စိုးရိမ်ဖွယ်ရာဖြစ်လာတာကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးရရှိရေး အဖြေရှာဖို့ ကမ္ဘောဒီးယား နိုင်ငံခြား ရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရတ်ခ်ဆိုခွန်က တောင်းဆိုလိုက်ပါတယ်။
မကြာသေးမီက အွန်လိုင်းမှတဆင့်ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၂ ကြိမ်မြောက် အစည်းအဝေးမှာ မိန့်ခွန်းပြောကြားရာမှာ ပရတ်ခ်ဆိုခွန်က ထည့်သွင်းပြောကြားခဲ့တာပါ။
အငြင်းပွားမှုတွေကို အင်အားမသုံးဘဲ ငြိမ်းချမ်းစွာဖြေရှင်းတာ၊ အခြားနိုင်ငံရဲ့ပြည်တွင်းရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့အချုပ်အခြာအာဏာကို မစွက်ဖက်ရေးဆိုတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ တောင်းဆိုချက်ကို ကမ္ဘောဒီးယား နိုင်ငံက အပြည့်အဝထောက်ခံကြာင်း သူကဆိုပါတယ်။
မြန်မာ့အရေးက စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ပြီး ပြဿနာအရင်းခံနဲ့ ဖြေရှင်းရတဲ့အကြောင်းရင်းက ရှုပ်ထွေးတယ်ဆိုတာကို ပရတ်ခ်ဆိုခွန်က ဝန်ခံခဲ့ပါတယ်။
၂၀၂၂ ခုနှစ်အာဆီယံအလှည့်ကျ ဥက္ကဌသက်တမ်းအတွင်း မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေအဆုံးသတ်ရေး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ရရှိဖို့က ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိက ရည်မှန်းချက် ဖြစ်ခဲ့တယ်လို့ သူကဆိုပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆမ်နဲ့ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ခ်ဆိုခွန်တို့က ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဌ သက်တမ်းအတွင်းမြန်မာ နိုင်ငံသို့သွားရောက်ကာ နိုင်ငံရေးကစဥ့်ကလျားအခြေအနေဖြေရှင်းဖို့ကြိုးပမ်းခဲ့ပေမယ့် ထူးခြားသောတိုးတတ်မှုမရရှိခဲ့ပါဘူး။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့စစ်တပ်က အာဆီယံခေါင်းဆောင်တွေနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုဖော်ဆောင်ရာမှာတိုးတတ်မှုမရှိပါဘူး။
မြန်မာစစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အကြာမှာ ပြည်သူ ၃,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ၁၇,၀၀၀ ကျော် ထိန်းသိမ်းခံခဲ့ရကာ ၁ ဒသမ ၅ သန်း နေရပ်စွန့်ခွာခဲ့ရတယ်လို့သိရပါတယ်။
မြန်မာ့အရေးဟာ အာဆီယံအဖွဲ့ရဲ့ အများလက်ခံယုံကြည်နိုင်စွမ်းနဲ့ စည်းလုံးညီညွတ်မှုကို စမ်းသပ်မှုတခုလို့ ပထဝီနိုင်ငံရေး စောင့်ကြည့်လေ့ လာသူတွေ ဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။
မြန်မာ့အရေးကို ဖြေရှင်းရာမှာ အာဆီယံအဖွဲ့အတွင်း ညီညွန်မှုဟာ အရေးပါတဲ့အကြောင်း အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အ လှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံဘက်က ပြောကြားထားပါတယ်။ mizzima