ယင်းမာပင်တွင် စိတ်ကျန်းမာရေးမကောင်းသူအပါအဝင် ၃ ဦး သတ်ဖြတ်ခံရ

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျေးစာကျရွာတွင် စစ်သားများနှင့် ထိပ်တိုက်တိုးသည့် ဒေသခံအမျိုးသားတစ်ဦး၊ မြောက်နုံးရွာတွင် အမျိုးသမီးတစ်ဦးနှင့် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးတို့  အသတ်ခံရသည်။

မတ်လ ၃ ရက်နေ့မှစ၍ အင်အား ၁၀၀ ဝန်းကျင်ရှိ အရပ်ဝတ်စစ်သားများက မြို့မြောက်ဘက်နှင့် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်ကြောင်းထိုးနေစဉ် ထိုအမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုနေ့ ညနေက မြို့မြောက်ဘက် မြောက်နုံးရွာကို ထိုစစ်ကြောင်း စီးနင်းမီးရှို့စဉ် စိတ်ကျန်းမာရေးမကောင်းသူ အသက် ၅၀ အရွယ် ဦးဖိုးနီကို သေနတ်ဒင်နှင့် ရိုက်သတ်ခဲ့သည်၊ အသက် ၂၅ နှစ်အရွယ် မမိုးဝေ အသတ်ခံရကာ အလောင်းကို မီးရှို့ထားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုရွာကို စီးနင်းစဉ် ဓားစာခံအဖြစ် ဖမ်းထားသော အနီးအနားရွာတချို့မှ ဒေသခံတချို့ ပါလာခဲ့သည်၊ နောက်တစ်နေ့ မြောက်နုံးရွာမှ စစ်ကြောင်း ပြန်ထွက်သွားချိန်တွင် လွတ်မြောက်ခဲ့သည်ဟု သိရသည်။

ထိုရွာအတွင်း စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းအတွင်း တပ်စွဲခဲ့ရာ ထိုကျောင်းဝန်းကျင်အနီး ကွန်ဒုံးအိတ်ခွံများ၊ အသုံးပြုပြီးသားကွန်ဒုံးများ တွေ့ရှိခဲ့ကြောင်း၊ စစ်သားများက မမိုးဝေကို အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် မြောက်ယမားပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြန်လွတ်လာသည့် ဓားစာခံများကို ကိုးကားပြီး ပြောသည်။

“ဘုန်းကြီးကျောင်းကြီး ပင်မအဆောက်အအုံရဲ့ တောင်ဘက်မှာ (အသုံးပြုပြီးသား ကွန်ဒုံး) အခွံတွေ တွေ့ရတယ်။ ကြည့်ရတာ အုပ်စုဖွဲ့ပြီး တစ်ယောက်တစ်လှည့် ပြုကျင့်ထားပုံရတယ်။ ကွန်ဒုံးတွေက အများကြီးပဲ။ ….. ကွန်ဒုံးတွေ တွေ့တဲ့နေရာနဲ့ အလောင်းကို ကားထဲထည့် မီးရှို့ထားတဲ့နေရာက ခြေလှမ်းနဲ့ဆိုရင် အလှမ်း ၂၀ လောက်ပဲ ဝေးတယ်” ဟု ထိုတပ်ဖွဲ့တာဝန်ခံ ကိုခန့်က ဆိုသည်။

ထိုပြောဆိုချက်နှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ကာကွယ်ရေးအဖွဲ့ထံမှ ရှိရသည့် ဓာတ်ပုံများအရ သေဆုံးနေသူ မီးသင့်ရုပ်အလောင်း၊ သွေးစွန်းနေသော ကွန်ဒုံးအခွံများ တွေ့ရှိရသည်။

အလားတူ မတ်လ ၆ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်ဘက်မှ ဆိုင်ကယ်ဖြင့် ပြန်လာသော ပေကုန်းရွာသား အသက် ၃၈ နှစ်အရွယ် ကိုဉာဏ်ဝင်းဆိုသူ သတ်ဖြတ်ခံထားရသည်ကို ကျေးစာကျရွာအတွင်း တွေ့ရှိရသည်။

ရုပ်အလောင်းကို ယမန်နေ့ (မတ် ၆) နေ့လယ်တွင် ထိုရွာအတွင်း နယ်မြေရှင်းလင်းရေး ဝင်လုပ်သော ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုက တွေ့ခဲ့ခြင်း ဖြစ်သည်။

“ လမ်းဘေးတစ်နေရာမှာ သွေးကွက်တွေ့တယ်။ အဲဒီသွေးကွက်ကနေ တရွတ်တိုက်ဆွဲတဲ့အရာတစ်ခု တွေ့လို့ လိုက်သွားတဲ့အခါမှာ စာသင်ကျောင်းတောင်ဘက် အမှိုက်ကျင်းထဲမှာ ဆိုင်ကယ်တစ်စီး တွေ့တယ်။ ဆိုင်ကယ် ဖယ်လိုက်တဲ့အခါမှာ ရုပ်အလောင်းတစ်လောင်း တွေ့တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ယင်းမာပင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အလောင်းက ဒခေါက်ကွေး (ဒူးအောက်ဘက်) ကနေ ကြိုးတစ်ချောင်း ချည်ထားတယ်။ ဒူးခေါင်းကနေ ကြိုးတစ်ချောင်း ချည်ပြီး တရွတ်တိုက်ဆွဲထားတဲ့ဟာကို ဆိုင်ကယ်တစ်စီးနဲ့ ရုပ်အလောင်းကို အမှိုက်နဲ့ ဖုံးထားတယ်”

သေဆုံးသူ ကိုဉာဏ်ဝင်းတွင် ကျောင်းနေအရွယ် သား ၂ ဦး နှင့် သမီး ၁ ဦး ကျန်ရစ်သည်ဟု သိရသည်။

အဆိုပါရာဇဝတ်မှု ၃ မှုကို စစ်သားများက ကျူးလွန်ခဲ့သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအရာရှိတို့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ဖေဖော်ဝါရီ တတိယပတ်မှစတင်၍ ယင်းမာပင်မြို့နယ် အနောက်ခြမ်းကျေးရွာများကို စီးနင်းပြီး မတ်လဆန်းတွင် ယင်းမာပင်မြို့ပေါ်၌ ပြန်ရောက်ရှိကာ တပ်စွဲထားသော ထိုစစ်ကြောင်းက မြို့အရှေ့ဘက်ခြမ်းကျေးရွာများကို စီးနင်းနေစဉ် ထိုသို့ အသတ်ခံရခြင်း ဖြစ်သည်။

ထိုစစ်ကြောင်းသည် မတ် ၅ ရက် နေ့လယ်တွင် ကျေးစာကျရွာမှ ထွက်ခွာသွားပြီး ပုသိမ်-မုံရွာလမ်း တစ်ဖက်ခြမ်းရှိ ဘိန်းနွယ်ချောင်ရွာကို စီးနင်းခဲ့သည်၊ စစ်သားများက ရွာအတွင်းနှင့် ရွာပြင် ယာခင်းများတွင် နေရာယူထားသည်ဟု ဒေသခံတို့က ဆိုသည်။

ယင်းမာပင်မြို့နယ်အတွင်း အရပ်ဝတ်များဖြင့် စစ်ကြောင်းထိုးနေသောကြောင့် မည်သည့် တပ်ရင်း၊ တပ်ဖွဲ့မှ ဖြစ်သည်ကို မသိရကြောင်း ဒေ သ ခံများက ဆိုသည်။

ဖေဖော်ဝါရီလမှစ၍ ယင်းမာပင်မြို့နယ်တွင် ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသော ထိုစစ်ကြောင်းသည် စိတ်ကျန်းမာရေးမကောင်းသူများအပါ အဝင် ၉ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု ဒေသခံများ၏ အချက်အလက်များအရ သိရသည်။

မြို့အနောက်ဘက်ခြမ်းရွာများကို စီးနင်းစဉ် တာဝရွာမှ ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်ခဲ့ပြီး၊ ကုန်းရွာတွင် စိတ်ကျန်းမာရေးမကောင်းသူ အပါအဝင် အရပ်သား ၄ ဦး အသတ်ခံရသည်။

တာဝရွာမှ အိမ်ခြေ ၂၀ ကျော်၊ ကုန်းရွာမှ အိမ်ခြေ ၅၀၀ ကျော်နှင့် မြောက်နုံးရွာမှ အိမ်ခြေ ၁၃၀ ကျော် မီးရှို့ခံရပြီး ကောက်ပဲသီးနှံများပါ ပျက် စီးခဲ့သည့်အတွက် ဒေသခံများ စားဝတ်နေရေး အခက်ကြုံနေရသည်။

လက်နက်ကိုင်ခုခံမှု အားကောင်းရာ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ချင်း၊ ကရင်၊ မွန်ပြည်နယ်တို့မှ မြို့နယ် ၄၀ ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ် မှတ်ကြောင်း ယခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့ရာ စစ်ကိုင်းတိုင်းမှ ၁၄ မြို့နယ် ပါဝင်သည်။

ယင်းမာပင်မြို့နယ်ကို စစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့ပြီးနောက် မြို့နယ်အနှံ့ စစ်ကြောင်းထိုးနေသည့်အတွက် အနီးတစ်ဝိုက်ကျေးရွာများရှိ ဒေသခံများမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လတ်တလောတွင် ပေကုန်း၊ ကျေးစာကျ၊ ဘိန်းနွယ်ချောင်ရွာမှ ရာနှင့်ချီသည့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s