ရေစကြိုနှင့် ပေါက်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့မှာ မတ် ၇ ရက် နေ့လယ်က စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို ပ.က.ဖ ကနေ သိရပါတယ်။

ရေစကြိုမြို့၊ အမှတ် ၈ ရပ်ကွက်၊ ကပ်ကျော်ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၇၀ ကျော်လောက် မတ်လ ၇ ရက် နေ့လယ်ပိုင်းက စစ်ကြောင်းထိုးပြီး ပြန်ရောက်လာတဲ့အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ရှေ့ဆုံးက စစ်ကောင်စီတပ်သား ၄ ယောက် လွင့်ထွက်သွားကာ နောက်ကလိုက်လာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်လည်း နေရာမှာတင် လဲကျသွားပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်မှာတော့ စစ်ကောင်စီဘက်က ရမ်းကားပစ်ခတ်ပေမဲ့ ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

ရေစကြိုမြို့နယ်မှာ မတ်လ ၄ ရက် မွန်းလွဲပိုင်းကလည်း ပခန်းငယ်ရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၀၊ တပ်ခွဲ-၃ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာလည်း မတ် ၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူ ၁ ယောက်သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖကနေ သိရပါတယ်။

ပေါက်မြို့နယ်၊ ဖလံကိုင်းရေနံမြေက စစ်ကောင်စီတပ်သားတွေကို မတ် ၇ ရက် မနက် ၁၀ နာရီ ၄၆ မိနစ်က ပြည်သူတွေရဲ့ ရေစည်လှည်းကို အနိုင်ကျင့်မောင်းနှင်ပြီး ကန်ရေတွေ သယ်နေတဲ့အချိန် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲပြီး တိုက်ခိုက်ခဲ့တာလို့ မြိုင်ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ညနေ ၃ နာရီလောက်မှာ ထန်းပေါက်ကုန်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်လို့ မန်ကျည်းသီး ကောက်နေတဲ့ အသက် ၄၂ နှစ်အရွယ် အမျိုးသား ၁ ယောက် လက်နက်ကြီးကျည် ထိမှန်သေဆုံးပြီး အသက် ၄၂ နှစ်အရွယ် အ မျိုးသား ၁ ယောက်နဲ့ အသက် ၂၀ ကျော်အရွယ် လူငယ် ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

သေဆုံးဒဏ်ရာရရှိတဲ့ ပြည်သူတွေကိုတော့ မြိုင်မြို့နယ် ပကဖ၊ ပေါက်မြို့နယ် ပကဖ တို့ရဲ့ လူသားစာနာအဖွဲ့တွေက တတ်နိုင်သလောက် ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း-၁၊ တပ်ခွဲ-၁၊ တပ်စိတ်-၃ နဲ့ ပေါက်မြို့နယ် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။

မြိုင်မြို့နယ်မှာလည်း မတ် ၅ ရက်ကလည်း စျေးဝယ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၇ ယောက်သေဆုံးကာ ၁၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s