ရေးတံတားကြီးဂိတ်အား ရေးဘီလူးအဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်
မွန်ပြည်နယ်၊ ရေးမြို့နယ်အထွက်ရှိ လုံခြုံရေးတင်းကြပ်ထားသည့် ရေးတံတားကြီးဂိတ်အား ရေးဘီလူးအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးချကာ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းအား ဆက်သွယ်ထားသည့် ရေးတံတားကြီးဂိတ်ရှိ ကတုတ်ကျင်းများအား ရေးဘီလူးအဖွဲ့မှ မတ်လ ၈ ရက်နေ့က ဒရုန်းဖြင့် ဗုံးသီးတစ်လုံးချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဆက်သွယ်ရေးမြောင်း (ကတုတ်ကျင်း) ကိုချတာ။ တပ်သား ၃၀ လောက်တော့ရှိမယ်” ဟု ရေးဘီးလူး အဖွဲ့ခေါင်းဆောင်က မဇ္ဈိမ ကိုပြော သည်။
စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုရှိနိုင်သော်လည်း အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။
ဒရုန်းဖြင့် တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း ရေးဘီးလူးအဖွဲ့မှ ဒရုန်းရောလူပါ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေးတံတားကြီးဂိတ်အား ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရေးဘီလူးအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အဖွဲ့ခေါင်းဆောင်က ဆိုသည်။
ယင်းသို့ တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်မှ အထိနာခဲ့သဖြင့် လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ကျောင်းရွာအခြေစိုက် အမှတ်(၅၈၃) ခြေမြန်တပ်ရင်းအား ရေးဘီလူး အဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့သေးသည်။mizzima