ဝေါမြို့နယ်၊ ဘုရားပျိုရွာတွင် စစ်ကောင်စီတပ်က ဒေသခံ ၁၅ ဦးကိုဖမ်းဆီး

ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း၊ ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာရှိ ဒေသခံ ၁၅ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးထားကြောင်း ဒေသခံများမှသတင်းပေးပို့သည်။
စစ်ကောင်စီတပ်က မတ်လ ၅ ရက်နေ့ ညပိုင်းတွင် လျှပ်စစ်မီးဖြတ်တောက်၍ ဒေသခံ ၁၃ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ယခင်ဖမ်းဆီးခံထားရသူ နှစ်ဦးပါလျှင် စုစုပေါင်း ၁၅ ဦးဖမ်းဆီးခံထားရ သည်။
” အဲ့ဒီနေ့က မီးဖြတ်ပြီး ဝင်ဖမ်းတာ။ အချုပ်ကားနှစ်စီးနဲ့ လာတာ အရပ်ဝတ်တွေနဲ့လည်း ပါတယ်။ ယူနီဖောင်းတွေနဲ့လည်း ပါတယ်။ စုစုပေါင်း ဖမ်းခံရတာ ၁၃ ယောက်။ ပထမက ဖမ်းထားတဲ့ လေးယောက်မှာလည်း နှစ်ယောက်ပြန်မလွတ်သေးဘူး။ ရွာကိုတော့ အခုထိ မီးဖြတ်ထားတယ်” ဟု ဘုရားပျိုရွာမှ ဒေသခံတစ်ဦးက မဇ္ဈိမသို့ပြောသည်။
ထိုသို့လာရောက်ဖမ်းဆီးစဉ် လမ်းအတွင်းဆဲဆိုမှုများပြုလုပ်ကာ ရွာကိုပါမီးရှို့မည်ဟု ခြိမ်းခြောက်သွားကြောင်း ၎င်းကဆိုသည်။ ” PDF တွေနဲ့ ဆက်စပ်နေတယ်။ ထောက်ပံ့နေတယ်ဆိုပြီး ဖမ်းတာ” ဟု ဒေသခံက ဆက်လက်ပြောသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ဘုရားပျိုစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဘုရားပျိုရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံများအား PDF များအား ဆက်သွယ် အထောက်အပံ့ပေးနေသည်ဟု စွပ်စွဲပြီးဖမ်းဆီးနေခြင်းဟုသိရသည်။
ပထမအကြိမ်အဖြစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် လေးဦး ဖမ်းဆီးခံရပြီး နှစ်ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း နှစ်ဦးဖမ်းဆီးခံထားရဆဲဖြစ်သည်။ မတ်လ ၅ ရက်နေ့တွင် ၁၃ ဦး ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အဖမ်းဆီးခံရသော သေခံ ၁၅ ဦးအထိရှိပြီဖြစ်သည်။
အဖမ်းဆီးခံရသော ဒေသခံများအား မြစ်ကျိုးနယ်မြေ ရဲစခန်းနှင့် ဘုရားကြီးအနီးရှိ အမြှောက်တပ်ဝင်း အတွင်း၌ စစ်ဆေးမေးမြန်းမှုများပြုလုပ်နေပြီး ယနေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။
ထို့အပြင် မတ်လ ၄ ရက်နေ့မှစတင်၍ ဝေါမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် နံနက် ၆နာရီမှ ည ၆ နာရီအထိသာ သွားလာရမည်ဟူ၍လည်း စစ်ကောင်စီတပ်က လိုက်လံကြေညာနေကြောင်း ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
” အခုဆို ဝေါမြို့နယ်ကို လုံခြုံရေးအပြည့်ချပြီး စစ်ဆေးတာတွေလုပ်နေတယ်။
ပြီးတော့ မြစ်ကျိုး၊ ဆင်ရွာ၊ လက်ပန်ရွာ၊ ပုဂံရွာ အဲ့ဒီရွာတွေကို မနက် ၆ ည ၆ အမိန့်ထုတ်ထားတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ စစ်ကောင်စီတပ်သည် ဝေါမြို့နယ်မှ ဘုရားပျိုရွာနှင့် အနီးတစ်ဝိုက်ရွာများရှိ လမ်းတချို့အား ပိတ် ဆို့ထားခြင်း၊ ဖြတ်သွားဖြတ်လာ ဒေသခံများအား စစ်ဆေးခြင်းတို့ကို ပြုလုပ်နေပြီး အုတ်ဖိုကျေးရွာအုပ်စုတွင် အမြှောက်တပ်အထိုင်ချရန် ပြင်ဆင်နေကြောင်း သိရသည်။mizzima