ဝေါမြို့အထွက်ဂိတ် အပစ်ခံရပြီးနောက် ဒေ သခံ ၁၃ ဦး အဖမ်းခံရ

ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က ဘုရားပျိုကျေးရွာမှ ဒေသခံ ၁၃ ဦးကို မတ်လ ၅ ရက်နေ့က ဖမ်းဆီးသွားကြောင်း မြို့နယ်ပြည်သူ့အုပ်ရေးအဖွဲ့ (ပအဖ) ထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၆ ညပိုင်းက ရွာနှင့် ၄ မိုင်ခန့်အကွာရှိ ဝေါမြို့အထွက် စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီးနောက် ထိုသို့ ဖမ်းဆီးခြင်း ဖြစ်သည်ဟု ပအဖအဖွဲ့က ပြောသည်။

“ဘုရားပျိုရွာကို မီးဖြတ်ပြီးတော့ ဒေသခံပြည်သူ ၁၃ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားတယ်။ ဘယ်ကို ဖမ်းဆီးသွားတယ်ဆိုတော့ (ပဲခူး) ဘုရားကြီးနားမှာရှိတဲ့ အမြန်လမ်းပေါ်က အမြောက်တပ်ကို ဖမ်းဆီးသွားတာ” ဟု ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော မြို့နယ်ပအဖအဖွဲ့ တာဝန်ရှိသူ ဒေါ်ရီရီထိုက်က ပြောသည်။

ထို ၁၃ ဦး ယနေ့အထိ ပြန်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံပြည်သူများထံမှ သိရသည်ဟု သူက ဆိုသည်။

အဖမ်းခံရသူများကို လက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ်သည်ဟု စွပ်စွဲထားသည်၊ ဂိတ်စခန်း ပစ်ခတ်ခံရပြီးနောက် စစ်တပ်က အနီးအနားကျေးရွာများကို လုံခြုံရေး တင်းကျပ်ကာ စစ်ဆေးနေသည်ဟု သိရကြောင်း ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“စစ်တပ်လုပ်နေတာတွေက ခုတ်ရာတခြား ရှရာတခြား ဖြစ်နေတာပေါ့။ ကျွန်တော်တို့နဲ့ ရွာသားတွေက ဆက်စပ်မှုလည်း မရှိဘူး။ ကျွန်တော်တို့က ထိုးဖောက်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားတိုက်တာ၊ အဲ့ဒါကို စစ်တပ်က ရွာသားတွေကို ဆက်စပ်တယ်ဆိုပြီး ဖမ်းနေတာ“ ဟု သူက ဆိုသည်။

အဖမ်းခံရသူတို့၏ အချက်အလက်များကို မသိရသေးသလို စစ်တပ်ကလည်း ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ဆေးရေးဂိတ် ပစ်ခတ်မှု

ပကဖအဖွဲ့၏ နန်းထိုက်အောင်စစ်ဆင်ရေး အစိတ်အပိုင်းတစ်ခုဖြစ်သော ထိုပစ်ခတ်မှုတွင် ရာအိမ်မှူး ၁ ဦး၊ မီးသတ်ဝန်ထမ်း ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင်း၊ အပြင်းအထန် ဒဏ်ရာရသော တပ်ကြပ်ကြီး ၁ ဦး၊ ဒုရဲအုပ် ၁ ဦး၊ ပျူစောထီး ခေါ် ပြည်သူ့စစ် ၂ ဦး ရန်ကုန်ဆေးရုံကြီးသို့ ရောက်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပဲခူးတိုင်း၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

လက်ရှိတွင် စစ်တောင်းမြစ်အနောက်ဘက်ကမ်း ဝေါမြို့နယ်အရှေ့ဘက် ကျေးရွာများဖြစ်သည့် အုတ်ဖို၊ ကပင်၊ ကျောက်ညှပ်၊ လက်ပံ စသည့် ရွာများတွင် စစ်တပ်က ကင်းပုန်းချထားကြောင်း၊ ကပင်ရွာ၌ လက်နက်ကြီးများ တပ်ဆင်၍ အထိုင်ချတပ်စွဲရန် ပြင်ဆင်နေကြောင်း မြို့နယ်ပအဖအဖွဲ့ထံမှ သိရသည်။

ထို့ပြင် စစ်တောင်းမြစ်ကမ်းဘေးရှိ ကျွန်းရွှေဝါသောင်နှင့် ငှက်ပျောတစ်ပင်သောင်ရှိ တဲအိမ်များကို ဖျက်သိမ်းပေးရန်လည်း စစ်တပ်က မတ်လ ၄ ရက်တွင် အသိပေးခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်က ပြောသည်။

“တဲပျောက် လူပျောက်၊ တဲမရှိရ လူမရှိရ ဆိုပြီး လုပ်နေတော့ ဒေသခံပြည်သူတွေက ပဲခူးတဲ့ရာသီ ဖြစ်တဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဝေါမြို့နယ်သည် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်နယ်နိမိတ်အစပ် စစ်တောင်းမြစ် အနောက်ဘက်ကမ်း ရန်ကုန်- မော်လမြိုင် လမ်းပေါ်တွင် တည်ရှိပြီး မြန်မာနိုင်ငံအရှေ့တောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းသို့ သွားလိုပါက ဝေါမြို့ကို ဖြတ်သန်းသွားရမည် ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က စစ်ကောင်စီ၏ မြို့ပြအခြေစိုက်စခန်းများကို တိုက်ခိုက်ရန် ရည်ရွယ်ပြီး “ပျံလွှားအောင်” စစ်ဆင်ရေးကို ၂၀၂၁ စက်တင်ဘာ ၇ မှ ၂၀၂၂ ဧပြီ ၇ အထိ လုပ်ဆောင်ခဲ့ပြီးနောက် မြို့ပြစစ်ဆင်ရေးဒုတိယလှိုင်းအဖြစ် “နန်းထိုက်အောင်” စစ်ဆင်ရေးအမည်ဖြင့် လှုပ်ရှားနေသည်။

ထိုမြို့ပြစစ်ဆင်ရေးများသည် တောင်ပိုင်းတိုင်းစစ်ဒေသ ကွပ်ကဲရေးအဖွဲ့လက်အောက်မှ ဖြစ်ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့ရှိ စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့များက ဦးဆောင်လှုပ်ရှားနေသည်။

အထူးသဖြင့် ပဲခူးတိုင်းအရှေ့ခြမ်း၊ အနောက်ခြမ်း ဒေသများတွင် နန်းထိုက်အောင်စစ်ဆင်ရေးလှုပ်ရှားမှုများ ယမန်နှစ် နှစ်ကုန်ပိုင်းမှစတင်၍ ခပ်စိပ်စိပ် ပေါ်ပေါက်လာသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s