သထုံတွင် အိမ်ပေါ် လက်နက်ကြီးကျည်ကျပြီး ကလေးနှစ်ဦး သေဆုံး 

မွန်ပြည်နယ်၊ သထုံမြို့နယ် ကျုံမှိန်ကျေးရွာကို ယနေ့ (မတ် ၈) နံနက် ၇ နာရီခန့်က လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲရာ ကလေး ၂ ဦး သေဆုံး၊ သားအမိနှစ်ဦး ဒဏ်ရာရသွားသည်။

သေဆုံးသူတို့မှာ အသက် ၇ နှစ်အရွယ် မဝင်းဝင်းရီ၊ ၁၃ နှစ်အရွယ် မောင်ထိပ်ပြောင်တို့ ဖြစ်သည်။ ဦးခေါင်းဒဏ်ရာရသည့် အသက် ၅၀ အရွယ်​ ဒေါ်မနူးဖိုးမှာ အသက်အန္တရာယ် စိုးရိမ်ရသည်၊ ၎င်း၏ သမီးဖြစ်သူ ၉ နှစ်အရွယ် စောနော့ဒါးမူ၏ ညာဘက်လက်ဖျံရိုး ကျိုးသွားသည်ဟု သိရသည်။

မဝင်းဝင်းရီ၏ ဒဏ်ရာကို ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေအတွင်းရှိ ဆေးရုံတွင် ကုသနိုင်စေရန် စီစဉ်ခဲ့သေးသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“သူက ချက်ချင်းတော့ မသေဘူး။ ဆေးရုံကို ပို့နေတုန်း လမ်းမှာပဲ သေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုအမျိုးသားက ပြောသည်။

ယောက်ျားလေးက ပွဲချင်းပြီး သေတယ်၊ လက်နက်ကြီးက သူတို့ (ယောက်ျားလေး မိသားစု) နေတဲ့ အိမ်ထဲ တည့်တည့်ကျတာ”

ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် တည်ရှိသည့် သထုံမြို့နယ်သည် KNU လှုပ်ရှားနယ်မြေဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကလည်း KNU နှင့် လက်တွဲကာ အာဏာသိမ်းတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

ယနေ့ ကျုံမှိန်ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုမှာ ထိုရွာ၏ တောင်ဘက် မိုင်ဝက်အကွာ ကြာဘန်းရွာအခြေစိုက် အမှတ် (၂၄) ခြေမြန်တပ်ရင်းလက်အောက်ခံ တပ်ဖွဲ့တစ်ခုက ပစ်ခတ်ခြင်းကြောင့် ဖြစ်သည်၊ တိုက်ပွဲမရှိသည့်အချိန်တွင် မည်သည့်အကြောင်းကြောင့် ပစ်ခတ်သည်ကို မသိရသေးဟု အထက်ပါ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပစ်ခတ်ချိန်တွင် လက်နက်ကိုင်အဖွဲ့များ ရွာနှင့် အနီးဝန်းကျင်တွင် ရှိမရှိ မသိရသေးပေ။

ကျုံမှိန်ရွာကို စစ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်လေ့ရှိသော်လည်း လူသေဆုံးမှုမှာ ယခုတစ်ကြိမ်သည် ပထမဆုံးဖြစ်သည်ဟု အထက်ပါ ဒေသခံက ဆိုသည်။

“သူတို့ အင်အားမရှိလို့ စစ်ကြောင်းထိုး (ခြေလျင်စစ်ရေးလှုပ်ရှား) တာတော့ မရှိဘူး။ လက်နက်ကြီးတွေနဲ့ မကြာမကြာ ရမ်းသန်းပစ်တာ ရှိတယ်” ဟု ၎င်းက ဆိုသည်။

“စိတ်က တအားတိုသွားတယ်။ ဘာကြောင့် ပြည်သူတွေနေတဲ့ ရွာတွေထဲကို ပစ်တာလဲ။ တော်လှန်ရေးအင်အားစုတွေရှိတဲ့ နေရာကို တည့်တည့်ပစ်လေ။ သူတို့လည်း (နေရာ) သိနေတာပဲ”

လက်ရှိတွင် ကျုံမှိန်ရွာခံ ၃၀၀ ခန့်မှာ ရွာတွင်း မနေရဲတော့ဘဲ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည်ဟု ထိုသူက ဆိုသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။

မတ်လ ၃ ရက်နေ့ကလည်း စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ရင်း BGF ၁၀၁၄ က ပစ်ခတ်သည့် လက်နက်ကြီးကျည် ၂ လုံး ဘားအံမြို့နယ်ရှိ တုတ်ကြီးရွာသို့ ကျရောက်ပေါက်ကွဲပြီး အသက် ၃ နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

ကျုံမှိန်ရွာသည် KNU သထုံခရိုင် တပ်မဟာ (၁) ထိန်းချုပ်နယ်မြေတွင် ရှိသော ရွာတစ်ရွာဖြစ်သည်။ ၂၀၂၁ တွင် အာဏာသိမ်းသည့် စစ်တပ်၏ လုပ်ရပ်ကို KNU က အတိအလင်းကန့်ကွက်ထားပြီး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းမှုများရှိသည်။ စစ်ကောင်စီကလည်း KNU နယ်မြေများအတွင်း မြေပြင်၊ ဝေဟင် စစ်ဆင်ရေးများ၊ လက်နက်ကြီးနှင့် ပစ်ခတ်မှုများ ဆက်တိုက်လုပ်နေသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s