ကလေးမြို့ စည်ပင်သာယာကား ၂ စီးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့က သိမ်းယူ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ပင်လုံရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်ရုံးက အမှိုက်ကား ၂ စီးကို မတ်လ ၇ ရက် မနက် ၁၀ နာရီကျော်က ကလေးမြို့ပြစစ်ဆင်ရေး တပ်ဖွဲ့ Special Underground ကသိမ်းယူခဲ့တယ်လို့ တော်လှန်ရေးအင်အားစုဘက်က ပြောပါတယ်။

ကလေးမြို့နယ်မှာ မြို့နယ်စည်ပင်က ဒေသခံတွေထံက အခွန်ငွေတွေ အဆမတန် တောင်းခံနေတာကြောင့် မြို့နယ်စည်ပင်ရုံးကို သတိပေးစာသွားပေးရာ လမ်းမှာ စည်ပင်ကားနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။

စည်ပင်ကားတွေဟာ တာဟန်းရပ်ကွက်ကို အမှိုက်တွေလာမသိမ်းတာ၊ တာဝန်ပျက်ကွက်ပြီး ကိုယ့်အလုပ်ကို တာဝန်ကျေအောင်မလုပ်တာတွေနဲ့ ပတ်သက်ပြီး စည်ပင်ကား၂ စီးရဲ့ ကားမောင်းသူ ၂ ယောက်ကို တားဆီးမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

တာဟန်းရပ်ကွက်ကို PDF တွေမကြာခဏဝင်လေ့ရှိလို့ လုံးဝအမှိုက်မသိမ်းဖို့၊ မသွားဖို့ စည်ပင်ဦးစီးက  ပိတ်လိုက်တာကြောင့် အမှိုက်သွား ရောက်မသိမ်းရတာလို့ အဆိုပါ ယာဉ်မောင်းဝန်ထမ်း ၂ ဦးက ပြောပါတယ်။

စည်ပင်ကား‌ ၂ စီးဟာ ကလေးမြို့တွင်းက အမှိုက်တွေကို လိုက်လံသိမ်းဆည်းကာ ဆည်ကြီးတံတားအနီး ကလေး-လက်ပံချောင်း ကားလမ်းအနီးရှိ အမှိုက်ကန်မှာ အမှိုက်စွန့်ပစ်ပြီး အပြန် PDF တွေရဲ့ ဓားပြတိုက်ခံခဲ့ရတာလို့ စစ်ကောင်စီဘက်ကတော့  ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်ရုံးက မြို့နေပြည်သူတွေကို ခွဲခြားဆက်ဆံနေတာကြောင့် ကားကိုသိမ်းယူခဲ့တာလို့ Special Underground တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြို့ခံတွေက စစ်ကောင်စီလက်အောက်ခံ စည်ပင်ရုံးထံ အခွန်‌ငွေတွေ ဆောင်ကြရာမှာ အရင်ထက် အခွန်ငွေတွေ ပိုပေးနေရပြီး လိုင်စင်မဲ့ အသားရောင်းတဲ့ ဈေးသည်‌တွေကိုလည်း ‌စစ်ကောင်စီက ဈေးထဲအထိ လိုက်လံဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အရင်က ဆိုင်းဘုတ်အသေး လိုင်စင်ခွန်ကို တနှစ် ၁၅,၀၀၀ ကျပ် ပေးဆောင်ရာက အခုအချိန်မှာ တနှစ်ကို ၃၅,၀၀၀ ကျပ်အထိ ပေးဆောင်နေရတယ်” လို့ ကလေးမြို့ ဈေးဆိုင်တဆိုင်မှ စျေးရောင်းတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

ဝင်ငွေနည်းပါးနေတဲ့ စစ်ကောင်စီအတွက် ပြည်သူလူထုထံကနေ အဆမတန် ငွေရှာပေးနေတဲ့ စည်ပင်ရုံးကို သတိပေးစာနဲ့အတူ ကျည်ဆန် ၃ တောင့်ပါ တပါတည်း ပေးအပ်ခဲ့တယ်လို့  ကလေးမြို့ပြစစ်ဆင်ရေး Special Underground တပ်ဖွဲ့က  ဆိုပါတယ်။

မြို့နယ်စည်ပင်ရုံးအနေနဲ့ မိမိတို့အမှိုက်သိမ်းကားကို ပြန်လည်ရယူလိုပါက ဒေသခံပြည်သူတွေထံ အခွန်ငွေ အဆမတန် တောင်းခံခြင်း မပြုဖို့နဲ့ တာဟန်းရပ်ကွက်ကို အရင်လို ပုံမှန်အတိုင်း အမှိုက်သိမ်းဖို့ တာဝန်ယူနိုင်ပါက မိမိတို့ တော်လှန်ရေးအင်အားစုထံ ဆက်သွယ်ပြီး လာရောက်ယူဆောင်နိုင်တယ်လို့ ဆိုပါတယ်။

မနှစ်ကလည်း စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်ရုံးထံက အမှိုက်သိမ်းကားတစီးကို တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာမှာ အသုံး ပြုနိုင်ဖို့ Ranger Kalay Defense Force က သိမ်းယူခဲ့ပါသေးတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s