ပေါက်မြို့နယ် အုန်းတောတောင်စုရွာကို စစ် တပ်က တတိယအကြိမ် မီးရှို့ဖျက်ဆီးပြီး ထီးချိုင့်မြို့နယ်၊ ကျောက်မှော်ရွာကိုလည်း စစ် တပ်က မီးတင်ရှို့နေ
မကွေးတိုင်း ပေါက်မြို့နယ် အရှေ့ပိုင်း အုန်းတောတောင်စုကျေးရွာကို စစ်တပ်က ယနေ့ မတ်လ ၉ ရက်နေ့တွင် ဝင်ရောက်၍ တတိယအကြိမ်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
အုန်းတောတောင်စုကျေးရွာသည် အိမ်ခြေ ၁၄၀ ခန့်ရှိသည့် ကျေးရွာဖြစ်ပြီး အုန်းတောကျေးရွာသည် မြောက်စုနှင့် တောင်စုဟူ၍ နှစ်ခုရှိကြောင်း ဒေသခံများက ပြောကြားသည်။
“မနက် ၇ နာရီလောက် ပေါက်မြို့ လေယာဉ်ကွင်းဘေးအတိုင်း စစ်ကြောင်းတက်လာတာဗျ။ အုန်း တောမြောက်စုကနေ ဝင်တာဗျ။ အုန်းတောမြောက်စုလည်း ရောက်တော့ သေနတ်တွေ အဆက်မပြတ်ပစ်ဖောက်ပြီး အနောက်ပိုင်း အိမ်လား ဆိုင်လား မသိဘူး မီးရှို့တယ်။ မြောက်စုကိုတော့ အနည်းငယ် မီးရှို့တယ်ဗျ။ အခုအချိန်အထိ တောင်စုက မီးခိုးတွေ မြင်ရလိုက်၊ ပျောက်သွားလိုက်နဲ့” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
စစ်တပ်က အုန်းတောတောင်စုကျေးရွာကို တတိယအကြိမ်မြောက် မီးရှို့နေခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ပထမအကြိမ် အိမ်ခြေ ၇ လုံး၊ မတ်လ ၅ ရက်နေ့တွင် ဒုတိယအကြိမ် အိမ်ခြေ ၁၂ လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ မတ်လ ၉ ရက်နေ့တွင်လည်း တတိယအကြိမ်မြောက် မီရှို့နေခြင်းဖြစ် ကြောင်း သိရှိရသည်။
လက်ရှိအချိန်အထိ စစ်တပ်က အုန်းတောကျေးရွာ မြောက်စုနှင့် တောင်စုတွင် ရှိနေဆဲဖြစ်ကြောင်း၊ မတ်လ ၆ ရက်နေ့ကလည်း ပေါက်မြို့မြောက်ဘက်ရှိ ကမ်းပါးဖြူကျေးရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။
ပေါက်မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးချိန်မှ စ၍ စစ်တပ်က အင်အား အဆမတန်သုံးကာ စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း၊ ပေါက်မြို့နယ်တစ်ဝိုက်စစ်ကြောင်း အနည်းဆုံး ၃ ကြောင်း စစ်ကြောင်းထိုးနေကြောင်း၊ စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။
ထို့ပြင် စစ်တပ်က စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ကျောက်မှော်ရွာကိုလည်း ယနေ့ မတ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅ မိနစ်အချိန်မှ စကာ သုံးနေရာခွဲ၍ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။ khit thit