မုံရွာလ.ဝ.ကရုံးတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ယင်းမာပင်တွင် စစ်တပ်လက်ချက်ဖြင့် ထန်းတက်သမား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ပင်ဇောက် လ.ဝ.က ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့က မတ် ၈ ရက် မနက် ၉ နာ ရီ ၅၀ မိနစ်လောက်မှာ အလစ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၅ ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မုံရွာ PDF တပ်ဖွဲ့က ပြောပါတယ်။
မုံရွာခရိုင် တပ်ရင်း-၇ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ သတင်းအတည်ပြုချက်အရ လ.ဝ.ကရုံးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တည်နေရာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ထိုးစစ်ဆင် ဝင်ရောက်ပစ်ခတ်ခဲ့ရာ အဆောက်အအုံ ပျက်စီးမှုနဲ့ ထိခိုက်ဒဏ်ရာရတာ တော်တော်များတယ်လို့ လည်းဆိုပါတယ်။
Monywa Lightning PDF မှ တာဝန်ခံတဦးက “အဲဒီ လ.ဝ.က ရုံးမှာ စကစတပ်က အင်အား ၄၀၊ ၅၀ လောက် ရှိပါတယ်။ အဲမှာ ၁၅ ယောက် သေတာကိုတော့ သေချာအတည်ပြုနိုင်တယ်။ ကျနော်တို့ဘက်က အသေးအမွှားလေးတော့ ထိခိုက်ခဲ့တာပေါ့ဗျာ။ စကစတွေက ပြည်သူ ၂ ယောက်ကို ပစ်သတ်သွားတယ် ကြားရလို့ အထူးဝမ်းနည်းမိတယ်။ ကျနော်တို့ ပြန်ဆုတ်အပြီးမှာ (–) တွေက အပြင်ကို ထွက်လာပြီးတော့ တွေ့တဲ့ပြည်သူနှစ်ဦးကို သတ်သွားတာပါဗျ” လို့ ပြောပါတယ်။
အခုမစ်ရှင်ကို မုံရွာခရိုင် တပ်ရင်း-၇နဲ့အတူ မော်လိုက်ခရိုင် တပ်ရင်း-၂၊ မုံရွာခရိုင် လှုပ်ရှားတပ်ရင်း၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၂၊ တပ်ရင်း-၃၊ တပ်ရင်း-၄၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)၊ မုံရွာခရိုင်တပ်ရင်း-၄၊ တပ်ခွဲ-၃၊ Monywa Nightking PDF၊ မုံရွာခရိုင်တပ်ရင်း-၄၊ တပ်ခွဲ-၄၊ 5/Teachers PDF၊ ယင်းမာပင်ခရိုင် တပ်ရင်း-၂၈ ဓားမဆိုင်းတပ်မတော်၊ မုံရွာခရိုင် တပ်ရင်း-၁၁ PDF – South Monywa၊ Spring Dove နဲ့ ယက္ခညီနောင်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ Monywa Lightning PDF က ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာတော့ နဘူးတောရွာက ထန်းတက်သမား တယောက်ကို ဘန့်ဘွေးရွာရှိ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက မတ် ၈ ရက် ညနေ ၃ နာရီမှာ သတ်ဖြတ်ခဲ့တယ်လို့ နဘူးတောရွာ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ထန်းတက်ရာကနေဆင်းလာတဲ့ အသက် ၃၅ နှစ်အရွယ် ကိုဇော်မင်းကို သတ်ဖြတ်ပြီး အနီးအနားက ထန်းတက်သ မားတွေရဲ့ တောတဲက ဆန်၊ ဆီနဲ့ သူတို့ လိုချင်တဲ့ပစ္စည်းတွေ ယူဆောင်ပြီ ဘန့်ဘွေးရွာထဲ ပြန်ဝင်သွားဝယ်လို့ ဒေသခံတွေက ပြောပါတယ်။
နဘူးတောရွာသားတဦးက “ကိုဇော်မင်းကို ညာဘက် ရင်အုံတစ်ချက်၊ ညာဘက်လက်မောင်း တချက် ပစ်သတ်သွားကြတယ်။ ဘယ် PDF မှ မဟုတ်ပါဘူးဗျာ။ ထန်းတက်ပြီး ထန်းလျက်ချက် စားသောက်နေတဲ့ ထန်းတက်သမားတစ်ဦးပါ။ သူတို့ အခုလို သတ်လို့ ၁၀ နှစ်အရွယ် က လေးတစ်ယောက်၊ ၇ နှစ်အရွယ် ကလေးတစ်ယောက်၊ ၂ လသားအရွယ် ကလေးတစ်ယောက်နဲ့ သူ့မိန်းမ သွေးနုသားနု ကျန်ခဲ့ရတယ်။ ရင်နာစရာကောင်းတာက သူတို့ရဲ့ဆိုင်ကယ်တွေ၊ ဖုန်းတွေပါ ယူသွားကြတယ်။ နောက်ထပ် အသက် ၅၀ ကျော်လောက်ရှိတဲ့ ထန်းသမားတစ်ဦးကလည်း သူတို့လာပြီဆိုတော့ ထန်းပင်ပေါ်ကနေ ခုန်ချရာကနေ သေဆုံးရတာလည်း ရှိတယ်။ သေဆုံသူက ၂ ဦးပေါ့ဗျာ”လို့ ပြောပါတယ်။
စစ်ကောင်စီက စစ်အာဏာသိမ်းပြီးချိန်ကစလို့ ဘန့်ဘွေးရွာမမှာ တပ်စွဲထားပြီး အနီးအနား ကျေးရွာတွေက ပြည်သူတွေကို သတ်ဖြတ်ပြီး ပစ္စည်းလုတာတွေ အကြိမ်ကြိမ် ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
နဘူးတောရွာဟာ အိမ်ခြေ ၆၀၀ နီးပါခန့်ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်သလို စစ်ကောင်စီ တပ်စွဲထားတဲ့ ဘန့်ဘွေးရွာမရဲ့ အရှေ့ဘက် အနီးဆုံးမှာရှိတဲ့ ရွာတစ်ရွာလည်း ဖြစ်တယ်လို့ သိရပါတယ်။
နဘူးတောရွာမှာ စစ်ကောင်စီက အခုလို ရွာသားတွေကို အကြောင်းမဲ့ သတ်ဖြတ်တာဟာ အာဏာသိမ်းပြီးချိန်ကစလို့ ဒီနေ့အထိ ပြည်သူ ၈ ဦးကျော်အထိ ရှိနေပြီး ရွာနဲ့ ထန်းသမား တောတဲတွေကိုလည်း မီးရှို့တာတွေ လုပ်ဆောင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။DVB