မုံရွာ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လာသည့် ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လာသည့် ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ ၁ ဦး သေဆုံးကြောင်း Area 71 အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ကြေးပြားများ တင်ဆောင်လာသည့် ၆ ဘီးကား ၂ စီးကို Area 71 အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ယာဥ်မောင်း ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
” နမခ စစ်ခွေးခြံထဲက ထွက်လာသော ကြေးပြားတွေ သယ်ဆောင်လာတဲ့ ၆ ဘီးကားတွေကို ပဒေသာမိုင်း ၄ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်။ ကြေးပြား သယ်ဆောင်လာတဲ့ ကားအစီးရေ ၁၉ စီးရှိတယ်လို့ သိရတယ်။ ကားတွေက အသုတ်တွေ ခွဲပြီး ထွက်လာတာ ၆ စီး တစ်ခါ ၄ စီး တစ်ခါ ၂ စီး တစ်ခါ ခွဲထွက်လာတာ အဲထဲမှာမှ ၂ စီးတွဲ ကားတန်းရဲ့ ဒုတိယမြှောက် ကားကို ထိထိမိမိ မိုင်းဆွဲနိုင်ခဲ့ပါတယ်။ ကားက ထိုးရပ်သွားပြီး ကားမောင်းလာသူ မိုင်းထိ သေဆုံးသွားတယ်” ဟု Area 71 အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်တပ် ကင်းပုန်းများက ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit