ရေစကြိုတွင် စစ်ကောင်စီစစ်ကြောင်းကို နှစ်ရက်ဆက် တိုက်ခိုက်၊ ထိခိုက်မှုများရှိနိုင်ဟုဆို

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ကနီပျူရွာမှ ရေစကြိုမြို့သို့ ဝင်ရောက်လာသည့်စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့်နှစ်ရက်ဆက်ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်မှုများရှိနိုင်ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အင်အား ၄၀ခန့်ပါသော စစ်ကောင်စီခြေလျင်စစ်ကြောင်းကို မတ်လ ၇ရက်နေ့ နှင့် ၈ ရက်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ဒရုန်းနဲ့ အီနာဂါချပြီးတိုက်ခိုက်ခဲ့တယ်။ နှစ်ရက်ပေါင်း အီနာဂါ ၁၂ လုံး လောက် ချခဲ့တယ်။ သူတို့ သွားတဲ့ လမ်းတလျှောက်ကိုပြန်ပြီး ရှင်း လင်းရေးဝင်တဲ့အခါမှာ သူတို့ ဆေးကုသထားတဲ့ ဆေးထိုးအပ်တွေ၊သွေးစတွေ၊ ဂွမ်းတွေ၊ပတ်တီးတွေ တွေ့ရတယ်”ဟုရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးရဲဘော်များက အနီးကပ်တိုက်ခိုက်ရန်ကြိုးစားခဲ့သော်လည်း စစ်ရေးဖော်ဆောင်နိုင်မည့် နေရာများသို့ ဝင်ရောက်လာခြင်းမရှိ၍ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်းသိရသည်။
စစ်ကောင်စီစစ်ကြောင်းသည် ၎င်းတို့လာရာလမ်းတလျှောက်မှ အရပ်သားပြည်သူ ၁၅ ဦးထက်မနည်းကို ဖမ်းဆီးလာခဲ့ကြောင်း သတင်းရရှိသည်။
“သူတို့ ပြည်သူတွေကိုဖမ်းလာတာ ၁၅ ယောက်ကျော်ကျော်လောက်ရှိတယ်လို့ သိရတယ်။ အမျိုးသမီး နှစ်ဦးပါဝင်ပြီး အများစုကယောက်ျားလေးတွေပဲ။ မြိုင်နယ်ထဲက ပြည်သူတွေလည်း ပါသလို ရေစကြိုထဲမှာ ဖမ်းဆီးခံရသူတွေလည်းပါနိုင်တယ် “ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
ယင်းစစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ မတ်လ ၈ ရက်နေ့တွင် ရေစကြိုမြို့နယ် မြေနီကုန်းကျေးရွာတွင် ဝင်ရောက်ညအိပ်ပြီးနောက် ယ နေ့မတ်လ ၉ရက် နံနက်ပိုင်းတွင် ရေစကြိုမြို့ရှိ ခလရ (၂၅၇) တပ်အတွင်းသို့ ဝင်ရောက်သွားကြောင်းသိရသည်။ mizzima