အွန်လိုင်းစနစ်ဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားသူ တစ်ရက်လျှင် လူသိန်းချီရှိသောကြောင့် ဆာဗာ ပြန်လည်ပြင်ဆင်နေရ

ရန်ကုန် စက်မှု (၁) လမ်း နိုင်ငံကူးလက်မှတ်ရုံးသည် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုကို အွန်လိုင်း‌ဘိုကင်စနစ်ဖြင့် ဖေဖော်ဝါရီ ၂၄ရက်က စတင်လုပ်ဆောင်ခဲ့ရာမှ လျှောက်ထားသူ များပြားသည့်အတွက် ၎င်းတို့၏ဆာဗာ ပြန်လည်ပြင်ဆင်မှုကို အကြိမ်ကြိမ် ပြုလုပ်နေရပြီး အွန်လိုင်းဘိုကင်စနစ်ကိုလည်း ယာယီရပ်ဆိုင်းမှု အကြိမ်ကြိမ် ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။

ယခုတွင်လည်း နိုင်ငံကူးလက်မှတ်လျှောက်ထားရန် ရက်ချိန်းအသစ်ရယူခြင်းလုပ်ငန်းစဉ်ကို မတ်လ ၈ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း ဝင်ရောက်လျှောက်ထားသူ လူသိန်းချီရှိသောကြောင့် ဆာဗာလုပ်ဆောင်နိုင်ခြင်းမရှိတော့ဘဲ ဆာဗာပြန်လည်ပြင်ဆင်မှုကို အချိန် နှစ် ပတ်ခန့် လုပ်ဆောင်မည်ဟု ၎င်းတို့၏ မြန်မာနိုင်ငံကူးလက်မှတ် ဝက်ဘ်ဆိုဒ်မှ မတ်လ ၈ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

လက်ရှိတွင် အွန်လိုင်းဘိုကင်စနစ်မှာ လည်ပတ်နိုင်မှုမရှိသော်လည်း စနစ်ယာယီရပ်ဆိုင်းပါက မလိုအပ်သော ဈေးနှုန်းမြှင့်တက်မှုများဖြစ်ပေါ်မည်စိုးသည့်အတွက် ဆာဗာပြင်ဆင်နေချိန်တွင် ရက်ချိန်းရယူလိုသူများကြိုးစားဝင်ရောက်နိုင်ရန် အွန်လိုင်းလျှောက်ထားမှု ဝက်ဘ်ဆိုဒ်ကိုမူ ပြန်လည် ဖွင့်လှစ်ပေးထားမည်ဟု ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။

သို့သော် အွန်လိုင်းလျှောက်ထားမှု ဝက်ဘ်ဆိုဒ်သည် လူတိုင်းဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်းနှင့် ဝက်ဘ်ဆိုဒ်ဖွင့်လှစ်ပေးမှုမှာလည်း နာရီပိုင်းသာ ကြာမြင့်သည်ဟု နိုင်ငံကူးလက်မှတ်လျှောက်ထားသူများက ပြောသည်။

” ပတ်စပိုစ့်ကလည်း ဘယ်လိုလျှောက်လျှောက် လျှောက်လို့မရဘူး။ အခုလဲ ၂ပတ် ပိတ်တာလား မပိတ်တာလား မသိ ။ ဝက်ဘ်ဆိုဒ်ကို ကံ ကောင်းပြီး ဝင်လို့ရခဲ့ရင်လဲ လျှောက်လို့ကမရနဲ့ စိတ်ညစ်ပါတယ်။ ဒီနိုင်ငံကြီးမှာလဲ မနေချင်တော့ပါဘူးဆိုမှ ဘယ်မှကို ထွက်မရဘူး”ဟု နိုင်ငံကူးလက်မှတ်ရရှိရန် လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်၍ နိုင်ငံကူးလက်မှတ်လျှောက်ထားသူများသည် မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားတွင် ဘွဲ့ရ သို့မဟုတ် အစိုးရဝန်ထမ်းအဖြစ် ‌ဖော်ပြထားပါက နိုင်ငံကူးလက်မှတ်ရုံးအတွင်းတွင် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာကို ငွေကျပ် ၅၀၀ ၀ မှ ၁၀၀၀၀အထိ ပေး၍ လုပ်ဆောင်နေရသည်။ ထိုသို့ လုပ်ဆောင်မှသာ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ဆက်လက်လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်းကိုလည်း နိုင်ငံကူးလက်မှတ်လျှောက်ထားသူများထံမှ သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s