၂၀၂၃ ရွေးကောက်ပွဲဟာ နိုင်ငံနှင့် ပြည်သူအားလုံး၏ ထွက်ပေါက်ဟု ကျားဖြူပါတီခေါင်းဆောင် ပြော

၂၀၂၃ ရွေးကောက်ပွဲဟာ စစ်ကောင်စီရဲ့ထွက်ပေါက်မဟုတ်ဘဲ နိုင်ငံနဲ့ပြည်သူအားလုံးရဲ့ ထွက်ပေါက်ဖြစ်တယ်လို့ မတ်လ ၉ ရက် နေ့လယ်ပိုင်းက ရန်ကုန်၊ အလုံမြို့နယ်၊ ကမ်းနားလမ်း  MMM ကွန်ဒိုရှိ ပါတီဌာနချုပ်ရုံးမှာ ပြုလုပ်တဲ့ မီဒီယာနဲ့တွေ့ဆုံပွဲမှာ ကျားဖြူပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောပါတယ်။

အရင်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဆိုတဲ့နာမည်ကို  ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီလို့ အမည်ပြောင်းလဲကာ ဖေဖော်ဝါရီ ၂၇ ရက်က ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ခဲ့တာလို့ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောပါတယ်။

“ရွေးကောက်ပွဲဝင်တယ်ဆိုတာ နစကအတွက် ထွက်ပေါက်ပေးတာမဟုတ်ဘူး။ နိုင်ငံနဲ့ ပြည်သူအားလုံးအတွက် ထွက်ပေါက်ဖြစ်ပါတယ်။ ကျားဖြူပါတီအနေနဲ့ ရှမ်းပြည်နယ်အတွက် မဟုတ်ဘဲ အကုန်လုံး ဝင်ပြိုင်လို့ရအောင် တိုင်းရင်းသားတွေ အားလုံးပါနိုင်အောင်  ရှမ်းနဲ့ တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီလို့ အမည်ပြောင်းလိုက်တာပါ ပြည်ထောင်စုတဝန်းပြိုင်မှာပါ” လို့ ပြောပါတယ်။

ဒါ့အပြင် ကျားဖြူပါတီအနေနဲ့ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီ၊ မကွေးနဲ့နေပြည်တော် စတဲ့ပြည်နယ်နဲ့တိုင်းဒေသကြီး ၇ ခုမှာ နေရာပေါင်း ၂၁၀ ဝင်ရောက်ယှဥ်ပြိုင်သွားမယ်လို့ ရန်ကုန်တိုင်းတာဝန်ခံ ဦးလှဌေးက ပြောပါတယ်။

“ကျားဖြူပါတီက သွားမယ့်လွှတ်တော်ကိုယ်စားလှယ်တွေဟာ  လွှတ်တော်ထဲမှာ သွားထိုင်ရမယ့် အဆင့်မျိုးရှိတဲ့  ကိုယ်စားလှယ်မျိုးတွေကို မရွေးချယ်ပါဘူး။ တကယ်အရည်အချင်းရှိပြီးတော့ ပြောနိုင်ဆိုနိုင်မယ့်၊ လုပ်နိုင်ကိုင်နိုင်မယ့် ကိုယ်စားလှယ်မျိုးကို ရွေးချယ်သွားမှာပါ။” 

ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအနေနဲ့ မနေ့ကလည်း ပြည်နယ်နဲ့တိုင်းဒေသကြီး တာဝန်ခံတွေနဲ့တွေ့ဆုံကာ ရှေလုပ်ငန်းစဥ်မူဝါဒ ရှစ်ချက်ကို ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီကနေ့အထိ အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီမှတ်ပုံတင်တဲ့ ပါတီ ၁၇ ပါတီရှိပြီး အဲ့ဒီအထဲမှာ ပြည် ထောင် စုတဝန်းလုံး စည်းရုံးမယ့် ပါတီ ၅ ပါတီရှိကာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အတွင်း စည်းရုံးမယ့် ပါတီ ၁၂ ပါတီရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ အင်အားအကြီးဆုံးပါတီဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်နေရာ ၁၅ နေရာနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်နေရာ ၂၇ အနိုင်ရရှိခဲ့တဲ့  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ကျားခေါင်းပါတီ)ကတော့   အာဏာသိမ်းစစ် တပ်ကပြဋ္ဌာန်းလိုက်တဲ့ မှတ်ပုံတင်ခြင်းဥပဒေအရ ပြန်လည်မှတ်ပုံတင်မလား မတင်ဘူးလားဆိုတဲ့အပေါ် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ  ဦးစိုင်းညွန့်လွင်ကတော့ ဥပဒေသစ်အရ ပါတီတခုအနေနဲ့ အထူးသဖြင့်တိုင်းရင်းသားပါတီတွေအနေနဲ့ ပြည့်စုံဖို့မလွယ်ကြောင်းနဲ့ ကြံ့ခိုင်ရေးတပါတီတည်းသာ နိုင်ငံတဝန်းယှဉ်ပြိုင်မယ့်ပါတီကျန်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းတော့  ပါတီခေါင်းဆောင်တွေ ဖမ်းဆီးခံထားရချိန်မှာ  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ရွေးကောက်ပွဲဝင်မပြိုင်ခဲ့ချိန်မှာ ကျားဖြူပါတီက ဝင်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ်နေရာတချို့ အနိုင်ရခဲ့တာဖြစ်ပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s