Monthly Archives: Mar 2023

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် မင်္ဂ လာပွဲ ကျင်းပနေချိန် စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်၍ အသက် ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် မင်္ဂလာပွဲ ကျင်းပနေချိန် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက် ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန် တနင်္သာရီမြို့ အခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ် လယ်သစ်အရှေ့ကမ်းရွာကို လက် နက်ကြီး များဖြင့် ပစ်ခတ်ရာ လက်နက်ကြီး ၃ လုံးသည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကြောင်း၊ ကျေးရွာတွင် သတို့သမီး တောင်းရမ်းနေသည့် မင်္ဂလာပွဲ ပြုလုပ်နေချိန်ဖြစ်ကြောင်း ၊ စစ်တပ်၏ လက်နက်ကြီး ကျည်ထိမှန်၍ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ပြည်သူ ၆ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ကလေးက ရင်ဘတ်မှာထိပြီး ပွဲချင်းပြီးသေတာ။ ဒီနေ့မွန်းလွဲမှာပဲ (မြေ) မြှုပ်လိုက်ပြီးပြီ။ ကျန်တာတော့ အသက် ကြီး ရွယ်အိုတွေ ထိတာများတယ်။ သေဆုံးတဲ့ ကလေးငယ်ရဲ့ မိဘတွေက ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတာပါ”ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

လက်နက်ကြီးထိမှန် ဒဏ်ရာရသူ ပြည်သူ ၆ ဦးတွင် အသက် ၆၀ ကျော်အရွယ် ဒေါ်သိန်းရီ၊ ဦးတင်ဝင်း၊ ဦးနိုင်ဝင်းတို့ ပါဝင်ကြောင်း ၊ လယ်သစ်ရွာကို စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးဝင်ရောက်လေ့ရှိပြီး မကြာခဏတိုက်ပွဲများ ဖြစ်ပွားလေ့ရှိကြောင်း ၊ သို့သော်လည်း ယခုရက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဘာတိုက်ပွဲမှလည်း မရှိဘူး။ ပစ်တဲ့အချိန်ရွာမှာ မင်္ဂလာဆောင်ငွေအပ်ပွဲ (မိန်းမတောင်းရမ်းပွဲ) လုပ်နေတဲ့အချိန် ပစ်လိုက်တာပါ။ ရွာသားတွေ နာကုန်တာပေါ့” ဟု ဒေသခံနောက်အမျိုးသားတစ်ဦးက ပြောသည်။khit thit

ဓာတ်ငွေ့ပိုက်လိုင်း မိုင်းခွဲခံရ၊ မြေအောက်ကေဘယ်ကြိုး ခိုးယူခံရသဖြင့် ရန်ကုန်တွင် မီးပျက်ဟု YESC အကြောင်းပြ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ဇောတိက-ရန်ကုန် ပို့ဆောင်တဲ့ လက်မ ၂၀ ဓာတ်ငွေ့ပိုက်လိုင်းဟာ မတ်လ ၉ ရက်‌ မနက် ၄ နာရီခွဲလောက်မှာ မိုင်းခွဲခံရလို့ ရန်ကုန်၊ လှော်ကား သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်က ၅၅ မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့တယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း (YESC) က ကြေညာထားပါတယ်။

မတ်လ ၉ ရက်၊ မနက် ၄ နာရီ မိနစ် ၂၀ လောက်မှာပဲ ရန်ကုန်၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်း၊ သမိုင်းချောင်းနားမှာ မြေအောက်မြှုပ်ထားတဲ့ 66 KV ကေဘယ်ကြိုး ၁ ချောင်းလည်း ခိုးယူခံခဲ့ရပါသေးတယ်။

အဲ့ဒီဖြစ်စဉ်ကြောင့် ရန်ကုန်က လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်နဲ့ ကမာရွတ်မြို့နယ်တို့မှာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး  အဲ့ဒီမြို့နယ်တွေက 33 KV ဓာတ်အားခွဲ ၂ ရုံ၊ 66 KV ဓာတ်အားခွဲရုံတို့ကို 230 KV ရှိ သာကေတ ဓာတ်အားပေးစက်ရုံက ဓာတ်အား ယာယီဖြန့်ဖြူးပေးထားရတယ်လို့ သိရပါတယ်။

မရမ်းကုန်းမြို့နယ် EPC က “စာမေးပွဲကာလကို ညနေပိုင်း တနေ့ ၅ နာရီနှုန်းနဲ့ ရက် ၂၀ စာ မီးအား ထိန်းညှိပေးနေပါတယ်။ ဒီကာလမှာ အိမ်တွင်းအလုပ်ရုံတွေ၊ လျှပ်စစ်အဓိကသုံးတဲ့ လုပ်ငန်းတွေကို အဲ့အချိန်လေးကို မသုံးစွဲဖို့တော့ ပြောချင်တာပါ။ ကေဘယ်ကြိုး အစားထိုးတပ်ဆင်မှုတော့ လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

ရန်ကုန်ကို ပို့ဆောင်ပေးနေတဲ့ ဓာတ်အားပေး ဓာတ်ငွေ့ပိုက်လိုင်း မိုင်းခွဲခံရလို့ မဂ္ဂဝပ်လျှော့ထုတ်ရတာနဲ့ လှိုင်မြို့နယ်က 66 KV ကေဘယ်ကြိုး ဖြတ်တောက်ခိုးယူ ခံရတာတွေကြောင့် ရန်ကုန်က မြို့နယ်တချို့မှာ လျှပ်စစ်ဓာတ်အား‌ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ YESC ဘက်က ‌ပြောပေမဲ့ ဒီဖြစ်စဉ်မတိုင်ခင်ကတည်းက လျှပ်စစ်မီး မကြာခဏပြတ်တာကြောင့် ဆိုလာစနစ် မီးတွေနဲ့ အင်ဗာတာကိုသာ ဝယ်ယူအသုံးပြုနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကိုယ်ပိုင်အထက်တန်းကျောင်းတခုရဲ့ တာဝန်ရှိသူက “ဆယ်တန်းမဖြေခင် တလလောက်ကတည်းက မြောက်ဒဂုံမှာ မီးပျက်တာ၊ တနေ့ ၄ နာရီပဲ မီးဖြတ်တယ်ဆိုတာ သူတို့ ကြား‌ကောင်းအောင် ပြောနေတာ။ မနက် ၉ နာရီပြတ်ရင် နေ့လယ် ၁ နာရီလာရမှာ၊ အဲ့လိုမဟုတ်ဘူး၊ မနက်က စပြတ်လိုက်တာ၊ ညနေ ၅ နာရီမှ လာတယ်။ လာပြီး ၁ နာရီခွဲလောက်ကြာတော့ ဖျတ်ဆို ပြတ်ရော။ တညလုံး မလာ‌တော့ဘူး။ ကျောင်းသားတွေလည်းရှိတော့ ချက်ပြုတ်ဖို့ ဂက်စ်ကိုသုံးရတယ်။ ညဆို မီးပျက်လွန်းလို့ မီးစက်နဲ့ မောင်းရတယ်။ မီးလာတုန်းလေး အင်ဗာတာနဲ့ သွင်းထားရတယ်။ ဆိုလာကလည်း မီးသီးလောက်ပဲခံတော့ မီးစက်ပဲ အသုံးများပါတယ်” လို့ ပြောပါတယ်။

မတ်လ ၈ ရက်မှ ၁၈ ရက်အထိ ကျင်းပနေတဲ့ ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် မတ်လ ၁ ရက်မှ ၂၀ ရက်အထိ ညနေ ၅ နာရီမှ ည ၁၀ နာရီအတွင်း စီးပွားရေးလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်းတွေကို လျှပ်စစ်ဓာတ်အားသုံးပြီး ဆောင်ရွက်ခြင်းမပြုဖို့ YESC ဘက်က အသိ ပေးထားပါတယ်။ DVB

ပင်လောင်း စစ်ဘေးရှောင်များအတွက် ဆေး ဝါးနှင့် အသုံးအဆောင်အကူအညီများ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တိုက်ပွဲ​​များကြောင့် စစ်ဘေးရှောင်​နေရသူများအတွက် ဆေးဝါးနှင့်အသုံးအဆောင် အကူ အညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေကြသူများထံမှ သိရသည်။

ပင်လောင်းတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်တို့အကြား တိုက်ပွဲများကြောင့် ပင်ပုံ၊ တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံး၊ လုံးပျဉ်၊ နမ့်နိမ်​ကျေးရွာရှိ ဒေသခံများအပါအဝင် ဒေသခံ ​၆,၀၀၀ ဝန်းကျင် စစ်​ဘေး​ရှောင်​နေရ​ကြောင်း သိရသည်။

“လောလောဆယ်စစ်ရှောင်အခြေအနေကတော့ တချို့တော့ကျန်းမာရေးမကောင်းကြဘူး။ တုပ်ကွေးမိတာတို့ ရာသီဥတုပြောင်းတော့၊ ပြီးတော့ကလေးဝမ်းလျှောတာတို့ အဲ့ဒီလိုတွေတော့ရှိတယ်”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များမှာ ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးနီးစပ်အိမ်များတွင် ခိုလှုံနေရသူများရှိပြီး နောင်တရားလူငယ်ပရဟိတရုံးတွင်လည်း ခိုလှုံသူ ၂၀၀ ကျော်ရှိကြောင်း အဆိုပါပရဟိတအဖွဲ့ဝင် တစ်ဦးကလည်း ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် ရိက္ခာများအပြင် အဝတ်အထည်နှင့် စောင်၊ ခြင်ထောင်စသည့် အသုံးအဆောင်ပစ္စည်းများလည်း လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေကြသူများက​ ပြောသည်။

“သူတို့ရဲ့ အဝတ်အစား၊ စောင်၊ အခင်းတွေကျတော့ လိုအပ်တယ်ဗျ။ ဆေးဝါးတွေရော၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ တချို့ ဆေးဝါးကူညီတာတို့ဘာတို့ သိပ်မရှိဘူး။ မနေ့က ကွင်းဆင်းအရ ဆေးဝါးအမြန်လိုအပ်တယ်။ ဆေးဝါးနဲ့ ပတ်သက်တဲ့ဟာရယ် သူတို့ရဲ့ အဝတ်အစားတွေပေါ့။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ရှောင်တိမ်းလာတဲ့လူက များတယ်”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များနှင့် ပတ်သက်ပြီး ပင်လောင်းမြို့နယ်အတွင်းရှိ ဒေသခံများနှင့် အဝေးရောက်နေသည့် တိုင်းရင်းသားညီနောင်များ၏ ထောက် ပံ့မှုများသာ ရရှိနေသေးပြီး နိုင်ငံတကာအသင်းအဖွဲ့များအနေဖြင့် ကူညီဆောင်ရွက်ပေးကြရန်လည်း ၎င်းက မေတ္တာရပ်ခံသည်။

ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာတွင်ရှိသည့် စစ်ကောင်စီတပ်စခန်းကို (KNDF)ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများမှာ မတ်လ ၄ ရက်နေ့နောက်ပိုင်း အနည်းငယ် ပြန်လည် တည်ငြိမ်နေသော်လည်း စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်တင်းနေသည့် အနေအထားရှိကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက မတ်လ ၆ ရက်နေ့က မဇ္စျိမကို ဖြေကြားထား သည်။ mizzima

မုံရွာမြို့နယ်တွင် စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မုံရွာ M.R.D.A တပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မုံရွာမြို့နယ် မြေနဲရွာနှင့် မအူရွာ အကြားတွင် M.R.D.A တပ်ရင်း ၆ ၊ တပ်ခွဲ ၂ မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“လုံခြုံရေး ယူပေးနေတဲ့ စစ်ခွေးတွေနဲ့ စစ်ခွေး ယာဥ်တန်းရဲ့ ၆ စီးမြောက်ကားကို ခက်ခက်ခဲခဲ မိုက်ဆွဲခဲ့ရတာပါ။ စစ်ကောင်စီ တပ်သား ၄ ဦးအနည်းဆုံး သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်” ဟု မုံရွာ မြန်မာ့တော်ဝင်နဂါးတပ်တော် တပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit

စစ်ကောင်စီက လူ့အခွင့်အရေးကို စနစ်တကျချိုးဖောက် ရက်စက်ယုတ်မာနေဟု ကုလလူ့အခွင့်အရေးမဟာမင်းကြီးပြော

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖောက်ရက်စက်ယုတ်မာမှုတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မတ်လ ၇ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ၅၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေဟာ အဆိုးဆုံးအနေအထားအထိ ရောက်နေပြီး အရပ်သား ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုက ၁၄၁ ရာခိုင် နှုန်းအထိမြင့်တက်ခဲ့ကာ ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတွေကို စစ်ကောင်စီက တိုက်ခိုက်တာလည်း ၁၀၀ ရာခိုင်နှုန်း တိုးမြင့်လာတယ်လို့  ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဆိုပါတယ်။

ဒီအချက်တွေဟာ ၂၀၂၂ နှစ်ဆန်းပိုင်းကစပြီး ကုလက မြန်မာနိုင်ငံကို စောင့်ကြည့်ရာက ရရှိလာတဲ့ အချက်အလက်တွေ ဖြစ်တယ်လို့ အမျိုသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူတွေကို နှိပ်စက်တာတွေ၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာတွေ၊ နေအိမ်တွေကို မီးရှို့တဲ့ အချက်အလက်တွေကို NUG က ကုလလူ့အခွင့်အရေးကောင်စီကို တင်ပြခဲ့တဲ့ အချက်အလက်တွေအပေါ် ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက “လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ကိုယ်တိုင်က မြန်မာနိုင်ငံရဲ့ အခြေအနေကို အမှန်အတိုင်းသိရှိပြီး ထုတ်ဖော်ပြောဆိုချက် ဖြစ်ပါတယ်။ ဒီအချက်တွေက မြေပြင်မှာလည်း တကယ်ဖြစ်နေတယ်။ အဲ့ဒါကြောင့်မို့လို့ သူ့ရဲ့ပြောဆိုချက်တွေက လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးပြောတာ ဖြစ်တဲ့အတွက် နိုင်ငံတကာက ပိုပြီးတော့ အာရုံစိုက် အလေးထားမှာကတော့ သေချာပါတယ်။ ဖြစ်ပျက်နေတာတွေကို သူသိရှိခြင်းက ပထမဆုံး ကောင်းတဲ့အချက်၊ နောက်တခါ သိရှိရုံတင်မကဘဲ နိုင်ငံတကာအနေနဲ့ အရေးယူဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်တွေ ထင်ထင်ရှားရှား ဖော်ပြသွားတဲ့အတွက် လာမယ့် လူ့အခွင့်အရေးကောင်စီတင် မကဘဲနဲ့ နောက်ထပ် ထပ်ပြီးတော့ ပေါ်လာမယ့် နိုင်ငံတခုချင်း လုပ်ဆောင်ချက်တွေ၊ နိုင်ငံတကာရဲ့ လုပ်ဆောင်ချက်တွေ၊ ကုလသမဂ္ဂ လုပ်ဆောင်ချက်တွေက ပိုမိုပြီးတော့ မြင့်တက်လာမယ်လို့ သေချာပါတယ်ဗျ” လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၂ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံကိုယ်စားပြုနေရာနဲ့ ပါဝင်ခွင့်ရရှိဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ကောင်စီတို့ အပြိုင်ကြိုးစားခဲ့ပေမဲ့ ကုလလူ့အခွင့်အရေးကောင်စီက ဘယ်သူ့ကိုမှ ကိုယ်စားပြုခွင့်မပေးဘဲ လစ်လပ်နေရာအဖြစ် ထားခဲ့ပါတယ်။

ကုလသမဂ္ဂမှာ လူ့အခွင့်အရေးကောင်စီနဲ့ လုံခြုံရေးကောင်စီတို့ဟာ အပြိုင်သဘောမျိုးဖြစ်နေပြီး အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်နိုင်တဲ့ လုံခြုံရေးကောင်စီဘက်က လှုပ်ရှားမှုတွေရှိလာမှ မြန်မာ့အရေး တိုးတက်မှုရှိလာမယ်လို့ အရပ်ဘက်အဖွဲ့ ကိုယ်စားလှယ်တွေက သုံးသပ်ပါတယ်။


မြန်မာ့အရေးဟာ ယူကရိန်းအရေး၊ အာဖဂန်နစ္စတန်အရေး၊ အီရန်အရေးတို့နဲ့ အပြိုင်ဖြစ်နေပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှု၊ အကူအညီပေးမှုနဲ့ အရေးယူဆောင်ရွက်မှုတွေ ရရှိဖို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေက ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ စစ်ရေး၊ စီးပွားရေး တင်းမာမှု အခြေအနေတွေကြောင့် မြန်မာ့အရေးဟာ အချိန် ၂ နှစ်ကျော်ကြာတဲ့အထိ နိုင်ငံတ ကာရဲ့ ထိရောက်တဲ့ အကူအညီပေးမှုနဲ့ အရေးယူ လုပ်ဆောင်တာတွေ မရှိသေးပါဘူး။ DVB

ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂဝံသနှင့် လူ ငယ်တချို့ကို စစ်တပ်က ဖမ်း ဆီးပြီး လူ ငယ်တချို့ကို သတ်ဖြတ် အလောင်းဖျောက်၊ ပြည်ကြီးတံခွန်ဆရာတော်လည်း ပျောက်ဆုံးနေ

စစ်ကိုင်း၊ မြင်းမူမြို့နယ်၊ လက္ကာပင်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် ယင်းကျေးရွာအနီးတွင် ရှိနေသော ပြည်ကြီးတံခွန် ဆ ရာတော် ဦးအဂ္ဂဝံသ နှင့် လူငယ်တချို့ကိုလည်း စစ်တပ်စစ်ကြောင်းက ဖမ်းဆီးကာ လူငယ်တချို့ သတ်ဖြတ် အလောင်းဖျောက်ခံရကြောင်း သိရှိရသည်။

မတ်လ ၅ ရက်နေ့ ညနေ ၅ နာရီမှစတင်၍ မြင်းမူမြို့နယ်၊ လက္ကာပင်ကျေးရွာကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲ၍ သေနတ်များ ပစ်ခတ် ဝင်ရောက်လာခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာသူ ကျေးရွာသား ၂၀၀ ခန့် ပိတ်မိပြီး စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာအနီးရှိ PDF စခန်းများကို စစ်တပ်က လိုက်လံစီးနင်း ဖမ်းဆီး သတ်ဖြတ်မှုများ ရှိခဲ့ကာ ပြည်ကြီးတံခွန်ဆရာတော်နှင့် လူငယ်တချို့ပါ ဖမ်းဆီးခံရကြောင်း၊ လူငယ် တချို့ အသတ်ခံရပြီး အလောင်းဖျောက်ခံရကြောင်း သိရှိရသည်။

“ဆရာတော်က မတ်လ ၅ ရက်နေ့ကတည်းက အဆက်အသွယ်ပြတ်သွားတာပါ။ မြင်းမူနဲ့ မြောင်မြို့နယ် အကြားမှာ ကူးလူးသွားလာပြီး ဆရာ တော်က စစ်ဘေးရှောင် ကူညီရေး အဓိက လုပ်ပေးနေတာ။ လက္ကာပင်ရွာမှာ အဖမ်းခံရတာလား၊ အဲဒီအနားက PDF စခန်းမှာပဲ အဖမ်းခံရလား ကျနော်တို့ သေချာမသိရသေးဘူး။ လူငယ်တချို့ အသတ်ခံရပြီး အလောင်းဖျောက်ခံရတယ်။ ဆရာတော် အခြေအနေကလည်း အလွန်စိုးရိမ်စရာပဲ။ စစ်ကိုင်းမှာ စစ်ကြောင်းတွေက ပြည်သူ တွေကို ဖမ်းဆီးမိသွားရင် ရဲစခန်းပို့ တရားစွဲတာ မလုပ်တော့ပါဘူး။ တစ်ခါ တည်း မေးပြီး နှိပ် စက် သတ်ပစ် လိုက်တာပဲ။ အခုကတော့ စစ်တပ်က အစုလိုက် အပြုံလိုက် သတ်တာတွေ အလောင်းတွေ သက်သေတွေနဲ့ သတင်းတွေ ထွက်နေတော့ အလောင်း ဖျောက်တာတွေ စစ်တပ်ဘက်က လုပ်လာပြီ။ စစ်တပ်က လူတွေ ဖမ်းဆီးပြီး သတ်လိုက်ရင်တောင် အခုက အ လောင်းက ဘယ်ရှာရမှန်းမသိတော့ဘူး” ဟု ပြည်ကြီးတံခွန်ဆရာတော်နှင့် ချိတ်ဆက် ဆောင်ရွက်နေသော တော်လှန်ရေးရဲဘော် တစ်ဦးက ပြော သည်။

ပြည်ကြီးတံခွန်ဆရာတော်ကို ဖမ်းဆီးသွားသော စစ်ကြောင်းမှာ စစ်ကိုင်းမြို့ နယ်၊ တာတိုင်ကျေးရွာတွင် အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့်သတ် ဖြတ်ကာ အမျိုးသား ၁၄ ဦးကို ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ခဲ့သော စစ်တပ် စစ်ကြောင်း ဖြစ်ကြောင်း သိရှိရသည်။ khit thit

ကပစ(၁၁)ကို တိုက််ခိုက်ခဲ့သော တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်း မရှိကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ ပြော

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အမှတ် (၁၁) ကာကွယ်ရေးပစ္စည်းစက်ရုံအား သွားရောက်တိုက်ခိုက်ခဲ့သော ရဲဘော်များ ဖမ်းဆီးထိန်းသိမ်းခံရခြင်းမရှိကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ တာဝန်ရှိသူက ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မဇ္ဈိမကို အ တည်ပြု ပြောသည်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် အကောင့်အချို့က ကပစ (၁၁) အား လာရောက်တိုက်ခိုက်ခဲ့သူ နှစ်ဦးကို မော်တော်ယာဥ် အပါအဝင် လက် နက်ပစ္စည်းများနှင့်တကွ အသေဖမ်းဆီးရမိကြောင်း ပြောဆိုနေမှုအပေါ် ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ တာဝန်ရှိသူက ထိုသို့တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“ကျွန်မတို့ လူတွေမဟုတ်ပါဘူး၊ ကျွန်မတို့ရဲဘော်တွေက ချက်ချင်းထွက်သွားပါတယ်၊ ကားလည်း မပါဘူး၊ ရန်သူရဲ့ စိတ်ဓာတ်စစ်ဆင်ရေးပေါ့။” ဟု ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ၏ ပြောရေးဆိုခွင့်ရှိသူ Vivienne က ပြောသည်။

ယင်းသည် စစ်ကောင်စီဘက်က စိတ်ဓာတ်စစ်ဆင်ရေးအဖြစ် ဝါဒဖြန့်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအနီးတွင် တည်ရှိသော စစ်ကောင်စီတပ်၏ အမှတ် (၁၁) ကာကွယ်ရေးပစ္စည်းစက်ရုံကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ တပ်ဖွဲ့ဝင်များက မတ်လ ၈ ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီ၏ ကျည်ဆန်ထုတ်လုပ်နေသောစက်ရုံ ထိမှန်ပျက်စီးသွားကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက မတ်လ ၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။

“ရန်သူက ရန်သူအလုပ်ကိုလုပ်ပါတယ်။ ဟိုးတုန်းကတည်းက သူတို့ရဲ့ ဗျူဟာတွေထဲမှာ ရှိပြီးသားတွေပါ။ သတင်းဖုံးတယ်၊ သတင်းလိမ်တယ်၊ သတင်းလှုပ်တယ်။ ဒါတွေအားလုံးက သူတို့ရဲ့စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာ သင်ရိုးထဲပါနေတာပဲလေ။ ဒီလိုတွေလုပ်နေလည်း ကျွန်မတို့က မတုန်လှုပ်ပါဘူး။ သူတို့အလုပ် သူတို့လုပ်တယ် ကိုယ်လည်း ကိုယ့်အလုပ်ကိုယ်လုပ်တယ်။ ဒီလောက်ပါပဲ။” ဟု Vivienne က ပြောသည်။

မြေဧက ၅,၀၀၀ ကျော်တွင် တည်ဆောက်ထားသော ကပစ (၁၁) စက်ရုံတွင် MA-1၊ MA- 2၊ MA-3 နှင့် MA- 4 စသည့် လက်နက်ငယ် မျိုးစုံကို ထုတ်လုပ်ပြီး စစ်ကောင်စီတပ်၏ လက်နက်ငယ်နှင့် ပတ်သက်၍ အားထားရသော စက်ရုံတစ်ခု ဖြစ်သည်။

ထိုစက်ရုံကို တိုက်ခိုက်ရန် လပေါင်းများစွာ အချိန်ယူပြင်ဆင်ကာ အချက်အလက် စုဆောင်းပြီးနောက် တိုက်ခိုက်မှုကို စတင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုသည် MISSION IMPOSSIBLE 2 (MI 2) ဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ) တပ်စခန်းကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ညက သွားရောက်တိုက်ခိုက်မှုသည် MISSION IMPOSSIBLE 1 (MI 1) ဖြစ်သည်။

အဆိုပါ စရဖ တပ်စခန်း တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးသွားကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ တာဝန်ရှိသူက မဇ္ဈိမကို ပြောဆိုထားသည်။mizzima

မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကြေးနီ တင် ဆောင်လာသည့် စစ်တပ် ယာဥ်တန်းကို ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကြေးနီ တင်ဆောင်လာသည့် စစ်တပ် ယာဥ်တန်းကို ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း လျှပ်တပြတ်စွန်ညို ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမှ ထွက်ခွာလာသော ကြေးနီ တင်ဆောင်လာသည့် စစ်တပ် ယာဥ်တန်းကို နတ်ရေကန်နှင့် ရေပိုးစားကျေးရွာ အကြားတွင် ပဒေသာမိုင်း ၃ လုံးတွဲဖြင့် ၃ ပွိုင့် မိုင်းဆွဲခဲ့ကြောင်း၊ ရေပိုးစားရွာ အနီး တစ်နေရာတွင် ပဒေသာမိုင်း ၄ လုံးတွဲဖြင့် ၂ ပွိုင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကာ ကား ၁ စီး လမ်းဘေး ထိုးကျ ပျက်စီးသွား​ကြောင်း သိရသည်။

မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် ဆက်လက်ထွက်ခွာလာသော ကျန်ၡိနေသည့် ယာဥ်တန်းကို ရေပိုးစားကျေးရွာ အလွန်တွင် ပဒေသာမိုင်း ၅ လုံးတွဲဖြင့် တစ်ပွိုင့် မိုင်းဆွဲခဲ့ကြောင်း၊ ဂွေးပင်တောကျေးရွာ အနီးတွင် ပဒေသာမိုင်း ၄ လုံးတွဲဖြင့် တစ်ပွိုင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ကား ၁ စီး လမ်းဘေး ထိုးရပ်သွားကြောင်း သိရသည်။

” တိုက်ခိုက်မှု ၄ ကြိမ် အတွင်းမှာ စစ်ခွေး ၇ ဦးထက်မနည်း သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရရှိမှု များတယ်။ မိုင်းဆွဲ တိုက်ခိုက်လို့ ကား ရပ်ခါနီး သေနတ်ကျည်ထွက်လာသေးတယ် ကားထဲက မသေသေးတဲ့ စစ်သားတွေကို သူတို့ဘာသာ ပစ်သတ်ခဲ့တာ ကား သုံးစီး ပျက်စီးသွားတယ်” ဟု လျှပ်တပြတ်စွန်ညို ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လျှပ်တပြတ်စွန်ညို ပျောက်ကြားတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း(၆) CHU PDF၊ CHU PDF တပ်ခွဲ၊ စစ်ကိုင်းခရိုင်တပ်ရင်း (၄) MS PDF၊ B.C အထူးပျောက်ကြားတပ်နှင့် Zoe Fighter People Defence Force အဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။khit thit

ကျွန်းလှနှင့် ကန့်ဘလူမြို့နယ်တို့၌ ဖေဖော် ဝါရီလအတွင်း နေအိမ်ပေါင်း ၃၀၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် ဖေဖော်ဝါရီလ တစ်လအတွင်း လူနေအိမ်ပေါင်း ၃၀၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ တစ်လအတွင်း၌ပင် စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကန့်ဘလူမြိုနယ်အတွင်းရှိ ကျေးရွာ ငါးရွာမှ နေအိမ်ပေါင်း ၂၆၇ လုံးနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ နေအိမ် ၃၅ လုံး စုစုပေါင်း ၃၀၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကန့်ဘလူခရိုင်က လစဉ်မပြတ် စစ်ကြောင်းထိုးမီးရှို့ခံရတာကြောင့် စစ်ဘေးရှောင်များသထက် များလာနေပါတယ်။ ကိုးထောင်ဘို့တိုက်နယ်၊ ချပ်သင်းတိုက်နယ်က ရွာတွေဆို အမြဲစစ်ရှောင်အဖြစ် တောထဲနေ နေရတာ တစ်နှစ်နီးပါးရှိပါပြီ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းအပြင် ကိုးထောင်ဘို့တိုက်နယ်အတွင်းရှိ ကိုးထောင်ဘို့စျေးအား စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ခြောက်ပေ ပတ်လည် ဆိုင်ခန်းပေါင်း ၃၇၁ ခန်းနှင့် ဘူတာရုံအနီးရှိ စျေးဆိုင်ခန်း ၅၀ လည်း မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းအပြင် ဖေဖော်ဝါရီလအတွင်း၌ပင် ထန်းကုန်းတိုက်နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူနှစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းက မီးရှို့သတ်ဖြတ်ခဲ့ပြီး ကြံခတ်အိုက်ကျေးရွာမှ ရွာသား သုံးဦးသည်လည်း စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံထားရပြီး ယခုအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ မှ တာဝန်ရှိသူက ဆိုသည်။

ကန့်ဘလူခရိုင်အတွင်း စစ်ဘေးရှောင်ပြည်သူများနှင့်မီးဘေးသင့်ပြည်သူများ ပိုမိုများပြားလာနေပြီး ကူညီထောက်ပံ့မှုများလည်း လိုအပ်လျက်ရှိကြောင်း ၎င်းကပြောသည်။

“စစ်ဘေးရှောင်တွေအတွက် ထောက်ပံ့မှုတွေ အမြဲလိုပါတယ်။ အခုဆို ကန့်ဘလူ အမြောက်တပ်ကနေ ဟောင်ဝစ်ဇာ(လက်နက်)နဲ့ အမြဲမပြတ်ပစ်နေတော့ တစ်ချို့ ရွာခံတွေ ရွာထဲ မနေရဲကြတော့ဘူး တောထဲ ရှောင်နေကြရတယ်။ မိုးကာကအစ မရှိဘူး အခြေခံစားသောက်ကုန်နဲ့ ဆေး ဝါးတွေလည်း လိုအပ်ပါတယ်” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်များသည် ကန့်ဘလူခရိုင်အတွင်းရှိ ကိုးထောင်ဘို့ ၊ ချပ်သင်း စသည့် ကျေးရွာများတွင် အထိုင်ချတပ်စွဲထားပြီးနောက် အခြားကျေးရွာများသို့ မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လေ့ရှိသည်ဟု သိရသည်။mizzima

« Older Entries