ကပစ(၁၁)ကို တိုက််ခိုက်ခဲ့သော တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်း မရှိကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ ပြော

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အမှတ် (၁၁) ကာကွယ်ရေးပစ္စည်းစက်ရုံအား သွားရောက်တိုက်ခိုက်ခဲ့သော ရဲဘော်များ ဖမ်းဆီးထိန်းသိမ်းခံရခြင်းမရှိကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ တာဝန်ရှိသူက ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မဇ္ဈိမကို အ တည်ပြု ပြောသည်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် အကောင့်အချို့က ကပစ (၁၁) အား လာရောက်တိုက်ခိုက်ခဲ့သူ နှစ်ဦးကို မော်တော်ယာဥ် အပါအဝင် လက် နက်ပစ္စည်းများနှင့်တကွ အသေဖမ်းဆီးရမိကြောင်း ပြောဆိုနေမှုအပေါ် ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ တာဝန်ရှိသူက ထိုသို့တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“ကျွန်မတို့ လူတွေမဟုတ်ပါဘူး၊ ကျွန်မတို့ရဲဘော်တွေက ချက်ချင်းထွက်သွားပါတယ်၊ ကားလည်း မပါဘူး၊ ရန်သူရဲ့ စိတ်ဓာတ်စစ်ဆင်ရေးပေါ့။” ဟု ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ၏ ပြောရေးဆိုခွင့်ရှိသူ Vivienne က ပြောသည်။

ယင်းသည် စစ်ကောင်စီဘက်က စိတ်ဓာတ်စစ်ဆင်ရေးအဖြစ် ဝါဒဖြန့်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအနီးတွင် တည်ရှိသော စစ်ကောင်စီတပ်၏ အမှတ် (၁၁) ကာကွယ်ရေးပစ္စည်းစက်ရုံကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ တပ်ဖွဲ့ဝင်များက မတ်လ ၈ ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီ၏ ကျည်ဆန်ထုတ်လုပ်နေသောစက်ရုံ ထိမှန်ပျက်စီးသွားကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက မတ်လ ၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။

“ရန်သူက ရန်သူအလုပ်ကိုလုပ်ပါတယ်။ ဟိုးတုန်းကတည်းက သူတို့ရဲ့ ဗျူဟာတွေထဲမှာ ရှိပြီးသားတွေပါ။ သတင်းဖုံးတယ်၊ သတင်းလိမ်တယ်၊ သတင်းလှုပ်တယ်။ ဒါတွေအားလုံးက သူတို့ရဲ့စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာ သင်ရိုးထဲပါနေတာပဲလေ။ ဒီလိုတွေလုပ်နေလည်း ကျွန်မတို့က မတုန်လှုပ်ပါဘူး။ သူတို့အလုပ် သူတို့လုပ်တယ် ကိုယ်လည်း ကိုယ့်အလုပ်ကိုယ်လုပ်တယ်။ ဒီလောက်ပါပဲ။” ဟု Vivienne က ပြောသည်။

မြေဧက ၅,၀၀၀ ကျော်တွင် တည်ဆောက်ထားသော ကပစ (၁၁) စက်ရုံတွင် MA-1၊ MA- 2၊ MA-3 နှင့် MA- 4 စသည့် လက်နက်ငယ် မျိုးစုံကို ထုတ်လုပ်ပြီး စစ်ကောင်စီတပ်၏ လက်နက်ငယ်နှင့် ပတ်သက်၍ အားထားရသော စက်ရုံတစ်ခု ဖြစ်သည်။

ထိုစက်ရုံကို တိုက်ခိုက်ရန် လပေါင်းများစွာ အချိန်ယူပြင်ဆင်ကာ အချက်အလက် စုဆောင်းပြီးနောက် တိုက်ခိုက်မှုကို စတင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုသည် MISSION IMPOSSIBLE 2 (MI 2) ဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ) တပ်စခန်းကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ညက သွားရောက်တိုက်ခိုက်မှုသည် MISSION IMPOSSIBLE 1 (MI 1) ဖြစ်သည်။

အဆိုပါ စရဖ တပ်စခန်း တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးသွားကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ တာဝန်ရှိသူက မဇ္ဈိမကို ပြောဆိုထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s