စစ်တောင်းမြစ်ကမ်းဘေး ရွာနှစ်ရွာကို စစ်တပ်နှင့် ပျူစောထီး ရန်ရှာ

ပဲခူးတိုင်းအရှေ့ပိုင်း ညောင်လေးပင်နှင့် ရွှေကျင်မြို့နယ်အစပ် စစ်တောင်းမြစ် အနောက်ဘက်ကမ်း ကျေးရွာနှစ်ရွာရှိ လူနေအိမ်၊ ဆိုင်ကယ်နှင့် ဆေးဝါးများကို စစ်ကောင်စီက လက်နက်ပေးထားသည့် အရပ်သားအဖွဲ့ (ပျူစောထီး) က မီးရှို့သည်ဟု ဒေသခံတို့က ပြောသည်။

မတ် ၇ ရက်တွင် ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းရွာ ရာအိမ်မှူး၊ ပျူစောထီး ဦးမြင့်ဦး၏ နေအိမ်တွင် ပေါ်ဦးဆိုသူ သတ်ဖြတ်ခံရပြီး အိမ်ပါ မီးရှို့ခံရ၊ ကွင်းဒလကြီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးကြဲခံရပြီး နောက်တစ်ရက်တွင် စစ်သားနှင့် ပျူစောထီးများက လက်တုံ့ပြန်ခြင်းဖြစ်သည်။

မတ် ၈ ရက် နံနက်တွင် ဦးမြင့်ဦးနှင့် စစ်သားအချို့က ပုဇွန်မြောင်းရွာရှိ နေအိမ် ၁၀ လုံးထက်မနည်းကို မီးရှို့ကြောင်း၊ ကွင်းဒလကြီးရွာ မြောက်ဘက် မိုင်ဝက်အကွာ ရွှေကျင်မြို့နယ် ညောင်ပင်ကြီးရွာမ (ပြည်တော်သာ) ကို စစ်ကြောင်းဝင်၍ ဆိုင်ကယ်သုံးစီးနှင့် CDM ကျန်းမာရေးဝန်ထမ်းက ဖွင့်လှစ်ထားသည့် ဆေးခန်းရှိ ဆေးဝါးပစ္စည်းများကို မီးပုံရှို့ကြကြောင်း သိရသည်။

ပဲခူးမြို့တွင် အခြေစိုက်သည့် တပ်မ (၇၇) နှင့် ညောင်လေးပင်မြို့ အခြေစိုက် အမှတ် (၂၀) ခြေမြန်တပ်ရင်း ပူးပေါင်းတပ်က ညောင်ပင်ကြီးရွာကို ဝင်မစီးမီ ရွာများဆက်စပ်တည်ရှိနေသည့် ဒေသတွင်းသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သေးသည်ဟု ညောင်ပင်ကြီးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကြီးကြောင့် ညောင်ပင်ကြီး၊ ကွင်းဒလကြီး၊ သိုက်တူးကုန်း၊ ဝိုင်ကျွန်း၊ မီးလောင်ကုန်း ရွာများမှ ရွာသား ၁၀ ဦးထက်မနည်း ဒဏ်ရာရသည်၊ ကွင်းဒလကြီးရွာရှိ စစ်စခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရစဉ် စစ်ကောင်စီ ၆ ဦးသေ၊ ၃ ဦး ဒဏ်ရာရသည်ကို မျက်မြင်တွေ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

ဖေဖော်ဝါရီလအတွင်း ပုဇွန်မြောင်းရွာတွင် စစ်တပ်သတင်းပေးဟု စွပ်စွဲခံရသူနှစ်ဦး သတ်ဖြတ်ခံရပြီးကတည်းက ရွာကို မီးရှို့မည်ဟု စစ်သားတို့က ခြိမ်းခြောက်ထားသလို လက်နက်ကြီးဖြင့် မကြာခဏ ပစ်လေ့ရှိသဖြင့် ပုဇွန်မြောင်းနှင့် ညောင်ပင်ကြီးရွာ ဒေသခံအားလုံးနီးပါး အိုးအိမ်စွန့် ခွာ တိမ်းရှောင်နေကြကြောင်း၊ ထိခိုက်ပျက်စီးမှု အသေးစိတ်မသိကြောင်း ပုစွန်မြောင်းရွာသားတစ်ဦးက ပြောသည်။

“ရွာထဲကိုတောင် လွတ်လွတ်လပ်လပ် နေ့ခင်းတောင် သွားလို့မရဘူး။ သူတို့ (စစ်သား) နဲ့ တွေ့တာနဲ့ ဘာလို့မပြောင်းတာလဲ၊ ဟိုဘက်ကို သတင်းပေးဖို့ နေခဲ့တာလား၊ အသတ်ခံချင်နေကြပြီလို့ ပြောပြီး ခြိမ်းခြောက်တာ။ ရွာက ထွက်သွားပြီး ပစ္စည်းတွေပြန်လာသယ်တဲ့ လူတွေကိုလည်း ဝင်ပြီးရင် ပြန်ထွက်လို့မရဘူးဆိုပြီး ပြောတာ” ဟု အထက်ပါ ရွာခံက ပြောသည်။

လူသူမရှိသည့် နေအိမ်များမှ ပစ္စည်းများကို စစ်ကောင်စီနှင့် ဘက်တော်သားတို့က အလိုရှိရာ ယူဆောင်နေကြကြောင်း၊ ပုဇွန်မြောင်းနှင့်ကပ်လျက် ရွှေဘုံသာရွာတွင်ပါ နေအိမ်အချို့ကို စစ်ကောင်စီက ဖျက်ဆီးထားကြောင်း ထိုသူက ဆိုသည်။

ညောင်ပင်ကြီးကို စီးနင်းခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့သည် ရွာမှ ပြန်ထွက်သွားပြီး တပ်ဖျောက်ထားကြောင်း ၎င်းက ဆက်ပြောသည်။

“(ဒေသတွင်းကနေ) အပြီးအပိုင်ဆုတ်သွားတာတော့ မရှိဘူး။ ညောင်လေးပင်က ကားနဲ့ လာကြိုတယ်။ ဒါပေမဲ့ သူတို့ကို ဘယ်မှာ ချ (ထားခဲ့) လဲတော့ မသိဘူး” ဟု သူက ဆိုသည်။

အထက်ပါဖြစ်စဉ်များကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

ပုဇွန်မြောင်းရွာကို အခြေပြုကာ စစ်တောင်းမြစ်ကမ်းတစ်ဝိုက် လှုပ်ရှားနေသော စစ်ကောင်စီတပ်သားများကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တို့က စနိုက်ပါနှင့် ပစ်ခတ်၊ ဒရုန်းဖြင့် ဗုံးကြဲမှုများ မကြာခဏပြုလုပ်နေကြသည်။

ဒေသတွင်းစစ်ရေးအခြေအနေကြောင့် ညောင်လေးပင်မြို့နယ်ရှိ ပုဇွန်မြောင်း၊ မီးလောင်ကုန်း၊ ကွင်းဒလကြီး၊ ကွင်းဒလလေး၊ အင်းဝိုင်း၊ ရွှေကျင်မြို့နယ်ရှိ ညောင်ပင်ကြီးရွာမ (ပြည်တော်သာ)၊ ညောင်ပင်ကြီးရွာသစ်၊ သိုက်တူးကုန်း၊ သက်ကယ်ကုန်း၊ ပျဉ်ရေ၊ ဝိုင်ကျွန်း စသည့် ကျေးရွာများမှ ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။

စစ်တောင်းမြစ် အရှေ့ဘက်ကမ်း၊ အနောက်ဘက်ကမ်းတို့တွင် ရှိသည့် အထက်ပါ ရွာများသည် လမ်းပန်းဆက်သွယ်ရေးနှင့် စစ်ရေး အ ချက်အချာကျသည်။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုများ အားကောင်းနေရာ ထိုအထဲတွင် ပဲခူးတိုင်းအရှေ့ခြမ်းရှိ ဒေသများလည်း ပါဝင်သည်။ ကရင်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ပဲခူးတိုင်း ရွှေကျင်နှင့် ကျောက်ကြီးမြို့နယ်တို့သည် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း အတိအလင်းပြောထားသည့် ဝါရင့်တော်လှန်ရေးအဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေတွင် ပါဝင်သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s