စဉ့်ကူးမြို့နယ် ရွာသာရွာတွင်အထိုင်ချထားသော စစ်ကောင်စီတပ် ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးမှု များပြား
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ရွာသာရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်များ နှစ်ရက်တိတိတိုက်ခိုက်ခံရပြီး အထိအခိုက်၊ အသေအဆုံးများကြောင်း သတင်းရရှိသည်။
မတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ဒရုန်းများ၊ လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၁၃ ဦးအထိသေ ဆုံးမှုရှိကြောင်း Eagle Guerrilla Force မှ ဗိုလ်ကောက်ရိုးက ပြောသည်။
“ မြေပြင်သတင်းပေးက ပြောတာတော့ ၁၃ ယောက်သေတယ်ပြောတယ်။ ကျနော်တို့ဘက်က ဒရုန်းရော၊ ရော့ကတ်၊ ၉၀ မမ ၆၀ မမ တွေရောနဲ့ အဖွဲ့ပေါင်းစုံနဲ့ တိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်မှုတွေရှိတယ်” ဟု ပြောသည်။
ရွာသာရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့မှာ အင်အား ၅၀ နီးပါးရှိပြီး မတ်လ ၆ ရက် ညနေပိုင်းမှစတင်ကာ ညသန်းခေါင်ယံအထိ အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်။
မတ်လ ၇ ရက်နေ့တွင် ညနေ့ ၄ နာရီမှ စတင်ကာ Drone ဖြင့် ဗုံးသီးနှစ်ကြိမ် ချပြီးနောက် ရော့ကတ်ငါး လုံး ၉၀ မမ ကိုးလုံး နှင့် ၆၀ မမ ၂၆ လုံးအထိ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု Eagle Guerrilla Force မှ ထုတ်ပြန်ထားသည်။
“မတ်လ ၇ ရက်နေ့ကဆိုရင် သူတို့က လေကြောင်းပစ်ကူခေါ်ထားပြီး ကျတော်တို့ကို စစ်မြှူသေးတယ်။ နေ့လည် ၁၂ နာရီလောက်မှာ ကျတော်တို့ဘက်ကို လက်နက်ကြီးနဲ့ သုံးချက်ပစ်သေးတယ်။ ကျနော်တို့က ပြန်မပစ်ဘဲ ညနေပိုင်းမှ စပစ်တာ” ဟု ဗိုလ်ကောက်ရိုးက ပြောသည်။
အဆိုပါတိုက်ပွဲသတင်းနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ သီးခြားအတည်ပြုချက်ရယူနိုင် ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်များသည် ရွာသာရွာတွင် အထိုင်ချတပ်စွဲထားသည်မှာ တစ်နှစ်ကျော်ခန့်ကြာမြင့်နေပြီး စိုက်တောင်သူများ ပဲ၊ စပါးတို့ ရိတ် သိမ်းပြီးချိန်တွင် အတင်းအဓမ္မ လုယူလေ့ရှိကြောင်း သိရသည်။mizzima