စားအုန်းဆီဈေးနှုန်း မြင့်တက်လာ

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတ်မှတ်တဲ့ စားအုန်းဆီ ရည်ညွှန်းဈေးက တပိသာကို ၄,၄၇၀ ကျပ်ကနေ အခုတပတ်မှာ ၄,၆၀၀ ကျပ်အထိ တပိသာ ကျပ် ၁၀၀ ကျော် ဈေးမြင့်တက်လာပါတယ်။

အဲဒီမြင့်တက်လာတဲ့ ရည်ညွှန်းဈေးနဲ့အတူ လက်လီဈေးကွက်အတွင်းမှာ စားအုန်းဆီ တပိသာကို နေရာဒေသအလိုက် ကျပ် ၇,၀၀၀ ကနေ ၈,၀၀၀ ကျပ်အထိ ဈေးမြင့်တက်လာတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့နေ စားအုန်းဆီ လက်လီရောင်းချသူတဦးက “စားဆီစျေး ပြန်တက်တယ်။ စျေးကတော့ မငြိမ်ဘူး။ အမျိုးမျိုးပဲ၊ အရင်လက လက်လီစျေး ၆,၀၀၀ အထက်မှာပေါ့။ အခု ၇,၀၀၀ ကျော်သွားပြီ။ နိုင်ငံခြားကကို အဝင်နည်းတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။

ရန်ကုန်လက်လီစျေးကွက်မှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီနှောင်းပိုင်းက စားအုန်းဆီ တပိသာကို ကျပ် ၆,၀၀၀ အထက် ရှိခဲ့ရာက အခုအခါ ကျပ် ၇,၀၀၀ အထက်ထိ စျေးမြင့်တက်လာတာပါ။

“ဆီစျေးတက်တော့ စျေးတင်ရောင်းရတယ်။ စျေးတင်ရောင်းတော့ ဝယ်သူနည်းသွားရော။ လူတွေလည်း ထမင်းကလွဲပြီး အပိုစာတွေ ဝယ်မစားနိုင်ကြတော့ဘူးထင်တယ်” လို့ ကြက်ကြော်ရောင်းချသူတဦးက ပြောပါတယ်။

စစ်ကောင်စီဖွဲ့စည်းထားတဲ့ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းအပေါ် မူတည်ပြီး ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ်ဖောက်ကားရမယ့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်ပေးနေပေမဲ့ ပြင်ပစျေးကွက်မှာတော့ အဲဒီသတ်မှတ်စျေးထက် နှစ်ဆနီးပါး မြင့်တက်နေဆဲပါ။

ကော်မတီကတော့ စားအုန်းဆီကို ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ မသမာတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်တာတွေကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

ပြည်ပက တင်သွင်းနေတဲ့ စားအုန်းဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် အခြေခံဝင်ငွေနည်း ပြည်သူတွေ အခက်အခဲ ဖြစ်ပေါ်နေပေမဲ့ စစ်ကောင်စီကတော့ ဆီတင်သွင်းမှုကို အကန့်အသတ်နဲ့သာ တင်သွင်းခွင့်ပြုထားပါတယ်။

လက်ရှိစျေးကွက်မှာ စာအုန်းဆီနဲ့အတူ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ ပဲပိစပ်ဆီ စတဲ့ စားဆီစျေးတွေလည်း မြင့်တက်နေပြီး ပြည်တွင်းထုတ်ကုန်ဖြစ်တဲ့ နှမ်းဆီက တပိသာကို ၁၃,၅၀၀ ကျပ်၊ မြေပဲဆီက တပိသာကို ၁၃,၀၀၀ ကျပ်နဲ့ စျေးကွက်မှာ အ‌ရောင်းအဝယ် ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ စားဆီလိုအပ်ချက်က နှစ်စဉ် တန်ချိန် ၁၁ သိန်းခန့်ရှိတဲ့အထဲ တန်ချိန် ၉ သိန်းကို ပြည်ပကနေ တင်သွင်းနေရတယ်လို့ သိရပါတယ်။ စစ်ကောင်စီကတော့ ရေရှည်မှာ စားသုံးဆီကို ပြည်တွင်းစားသုံးမှု ဖူလုံဖို့အပြင် ပြည်ပကိုပါ တင်ပို့ရောင်းချနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s