ဒေါတခဲကျေးရွာတွင် KAနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

ထိုင်း-ကရင်နီ နယ်စပ်အနီး ၊ ကရင်နီပြည်နယ် ၊ဒေါတခဲကျေးရွာ (ဒေါတခဲစစ်ဒေသ)တွင် ယမန်နေ့ မတ်လ ၉ရက် နံနက်၆နာရီ ၃၀မိနစ်အချိန်ခန့်က ကရင်နီတပ်မတော်(KA)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားသည်ဟု သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းခမ်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၁၀)တပ်ရင်းသည် ရိက္ခာပို့ဆောင်ရေးနှင့် လမ်းလုံခြုံရေးတာဝန်ယူရန် နယ်စပ်စခန်းများသို့ မရောက်ရှိမီ တတိယအကြိမ် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ နှစ်ဦး သေဆုံး၍ ဒဏ်ရာရရှိသူများလည်းရှိသည်ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်း ထုတ်ပြန်ရေးအဖွဲ့ က ထုတ်ပြန်ထားသည်။
“ဒါက တတိယအကြိမ် တိုက်တာပေါ့၊ အဲ့မှာ သူတို့ ဘက်က နှစ်ယောက်ကျတယ်။ ကျွန်တော်တို့ဘက်က ဒဏ်ရာမရဘူး။ ကျွန်တော်တို့က ပြောက်ကျားစနစ်ဆိုတော့ တိုက်ပွဲ ကြာချိန်က ဘယ်လောက်မှ မရှိဘူး။ ငါးမိနစ်ကျော်ကျော်ပေါ့၊ အဲ့လောက်ပဲရှိတယ်”ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်း ထုတ်ပြန်ရေးအဖွဲ့ ပြည်ထဲရေးတာဝန်ခံ ကိုညေးရယ်က ပြောသည်။
ဒုတိယအကြိမ်ဖြစ်သည့် မတ်လ ၆ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့က နယ်စပ်တပ်စခန်းသို့ ရိက္ခာပို့ဆောင်ရေးနှင့် လမ်းလုံခြုံရေးတာဝန်ယူရန် တာတမောစခန်းမှ ထွက်ခွာလာစဉ် BP-9 တောင်ကုန်းအမှတ် ပွိုင့် (၃၂၂၂) အနီးတွင် ကရင်နီ ပြောက်ကျားတပ်ဖွဲ့၏ ဆီးကြိုတိုက်ခိုက်မှုကို ခံခဲ့ရသဖြင့် ခမရ(၅၁၀)ဖက်မှ တစ်ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအချို့ရှိခဲ့ကာ ကရင်နီပြောက်ကျားတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကိုညေးရယ်က ဆက်ပြောသည်။
“တတိယ အကြိမ်မှာတော့ သူတို့က အင်အားလာဖြည့်တာ အယောက် ၇၀ လောက်ပါတယ်။ သေတဲ့ စစ်သားကတော့ တပ်သားပဲ။ ကျွန်တော်တို့က ပြောက်ကျားစနစ်နဲ့ တိုက်တာဆိုတော့ ပစ်ပြီးတာနဲ့ ဆုတ်တာပဲ”ဟု ကိုညေးရယ်က ဆိုသည်။
ဖေဖော်ဝါရီလ၂၆ရက်နေ့ကလည်း ပထမအကြိမ် အဖြစ် စစ်ကောင်စီတပ်ဖွဲ့က ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်အတွင်းရှိ တာတမောစခန်းမှ ရှားတော ဗျူဟာကုန်းသို့ ရိက္ခာပို့ရန် စီစဉ်ဆောင်ရွက်နေစဉ် KA နှင့် KNDF တပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်က ငါးဦးကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ယင်းဒေသ၌ စစ်ကောင်စီတပ်ဖွဲ့၏ ရိက္ခာပို့သည့် လမ်းကြောင်းသာရှိသည့်အတွက် သုံးရက်တစ်ကြိမ်ခန့် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ၎င်းကဆိုသည်။ mizzima