ပင်လောင်း စစ်ဘေးရှောင်များအတွက် ဆေး ဝါးနှင့် အသုံးအဆောင်အကူအညီများ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူများအတွက် ဆေးဝါးနှင့်အသုံးအဆောင် အကူ အညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေကြသူများထံမှ သိရသည်။
ပင်လောင်းတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်တို့အကြား တိုက်ပွဲများကြောင့် ပင်ပုံ၊ တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံး၊ လုံးပျဉ်၊ နမ့်နိမ်ကျေးရွာရှိ ဒေသခံများအပါအဝင် ဒေသခံ ၆,၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရကြောင်း သိရသည်။
“လောလောဆယ်စစ်ရှောင်အခြေအနေကတော့ တချို့တော့ကျန်းမာရေးမကောင်းကြဘူး။ တုပ်ကွေးမိတာတို့ ရာသီဥတုပြောင်းတော့၊ ပြီးတော့ကလေးဝမ်းလျှောတာတို့ အဲ့ဒီလိုတွေတော့ရှိတယ်”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်များမှာ ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးနီးစပ်အိမ်များတွင် ခိုလှုံနေရသူများရှိပြီး နောင်တရားလူငယ်ပရဟိတရုံးတွင်လည်း ခိုလှုံသူ ၂၀၀ ကျော်ရှိကြောင်း အဆိုပါပရဟိတအဖွဲ့ဝင် တစ်ဦးကလည်း ပြောသည်။
အဆိုပါ စစ်ဘေးရှောင်များအတွက် ရိက္ခာများအပြင် အဝတ်အထည်နှင့် စောင်၊ ခြင်ထောင်စသည့် အသုံးအဆောင်ပစ္စည်းများလည်း လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေကြသူများက ပြောသည်။
“သူတို့ရဲ့ အဝတ်အစား၊ စောင်၊ အခင်းတွေကျတော့ လိုအပ်တယ်ဗျ။ ဆေးဝါးတွေရော၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ တချို့ ဆေးဝါးကူညီတာတို့ဘာတို့ သိပ်မရှိဘူး။ မနေ့က ကွင်းဆင်းအရ ဆေးဝါးအမြန်လိုအပ်တယ်။ ဆေးဝါးနဲ့ ပတ်သက်တဲ့ဟာရယ် သူတို့ရဲ့ အဝတ်အစားတွေပေါ့။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ရှောင်တိမ်းလာတဲ့လူက များတယ်”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်များနှင့် ပတ်သက်ပြီး ပင်လောင်းမြို့နယ်အတွင်းရှိ ဒေသခံများနှင့် အဝေးရောက်နေသည့် တိုင်းရင်းသားညီနောင်များ၏ ထောက် ပံ့မှုများသာ ရရှိနေသေးပြီး နိုင်ငံတကာအသင်းအဖွဲ့များအနေဖြင့် ကူညီဆောင်ရွက်ပေးကြရန်လည်း ၎င်းက မေတ္တာရပ်ခံသည်။
ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာတွင်ရှိသည့် စစ်ကောင်စီတပ်စခန်းကို (KNDF)ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲများမှာ မတ်လ ၄ ရက်နေ့နောက်ပိုင်း အနည်းငယ် ပြန်လည် တည်ငြိမ်နေသော်လည်း စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်တင်းနေသည့် အနေအထားရှိကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက မတ်လ ၆ ရက်နေ့က မဇ္စျိမကို ဖြေကြားထား သည်။ mizzima