မန္တလေးတွင် ၂ ရက်အတွင်း အမျိုးသား၂ ဦး ဓားခုတ် လုယက်ခံရ

မန္တလေးတွင် ဓားခုတ်လုယက်မှုများ ပြန်ဖြစ်ပွားလာရာ နှစ်ရက်အတွင်း အမျိုးသားနှစ်ဦး ဓားဖြင့်ခုတ်ခံရပြီး ဆိုင်ကယ်ပါ လုယူခံရမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

မဟာအောင်မြေမြို့နယ် ၃၉ လမ်းနှင့် ၈၂ လမ်းထောင့်အနီးတွင် ယမန်နေ့ မတ်လ ၈ ရက်နေ့ ညပိုင်းက အမျိုးသားတစ်ဦး ဆိုင်ကယ်စီးလာစဉ် နောက်ကနေလိုက်လာသည့် လူတစ်စုက ဓားဖြင့်ခုတ်ကာ ဆိုင်ကယ်ကို လုယူသွားခြင်း ဖြစ်သည်။

“ဘေးကပ်လိုက်လာပြီး ဓားနဲ့လှမ်းထိုးတယ်၊ ပြီးတော့ နောက်တစ်ယာက်က ဓားနဲ့ လှမ်းခုတ်တယ်၊ ဒဏ်ရာနှစ်ချက်နဲ့ လဲကျသွားတော့ ဆိုင်ကယ်ယူပြီး မောင်းပြေး သွားတယ်ပေါ့နော်၊ ဒါက လူနာတင်ကားက လူတွေကိုသူ ပြောပြတဲ့အတိုင်း ပြန်ပြောပြတာပါ၊ သူတို့ချင်း ရန်စလို့လည်းပြောကြတာရှိတယ်၊ ဘာပဲဖြစ်ဖြစ် ဓားနဲ့ခုတ်ပြီး ဆိုင်ကယ်လုယူသွားတာတော့အမှန်ပဲ” ဟု မြို့ခံတစ်ဦးက ပြောသည်။

ယင်းအမျိုးသားတွင် ဓားခုတ်ခံရမှုကြောင့် နောက်ကျောထိုးသွင်းဒဏ်ရာနှင့် ဦးခေါင်းဓားခုတ် ဒဏ်ရာတစ်ချက်စီ ရရှိသွားပြီး မြို့ခံလူမှုကူညီရေးအသင်း တစ်ခုက မန္တလေးဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ယင်းအပြင် မန္တလေးမြို့တွင် မတ်လ ၇ ရက်နေ့ ညပိုင်းကလည်း ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းအနီးတွင် အသက် ၃၀ ၀န်းကျင်အရွယ် အမျိုးသားတစ်ဦး ဆိုင်ကယ်စီးနင်းလာစဉ် လူခုနစ်ဦးက ဓားဖြင့်ခုတ်ပြီး ဆိုင်ကယ်လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဓားခုတ်ခံရသည့်အမျိုးသားတွင် လက်နှင့်မျက်နှာမှာတို့တွင် ဒဏ်ရာများ ရရှိသွားပြီး လူမှုကူညီရေး အသင်းတစ်ခုက ဆေးရုံပို့ဆောင်ပေးခဲ့ရကြောင်း မြို့ခံများက ပြောသည်။

“ရုတ်တရတ်ကားမီးထိုးလိုက်လို့သာ သက်သာသွားတာ၊ နို့မိုဆို သေတဲ့အထိ ခုတ်မယ့်ပုံပဲ၊ ဆိုင်ကယ်ကတော့ ပါသွားတယ်” ဟု မျက်မြင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

မန္တလေးမြို့တွင် လပိုင်းမျှ ငြိမ်သက်နေသည့် ဓားခုတ်လုယက်မှုများသည် ယခုရက်ပိုင်းအတွင်း နေ့စဉ်နှင့်အမျှ ပြန်လည်ဖြစ်ပွားလာကြောင်း လူမှုကူညီရေးအသင်းအဖွဲ့များထံမှ သိရသည်။

“အာဏာသိမ်းတဲ့နှစ်ကတော့ အဆိုးရွားဆုံးအခြေအနေပဲ၊ နေ့တိုင်းညတိုင်းနီးပါး ဓားခုတ်လုယက်မှုဖြစ်တယ်၊ ပြီးခဲ့တဲ့နှစ်ကလည်း ဆိုးသေး တာပဲ၊ နှစ်ကုန်ပိုင်း လောက်မှာ ခဏငြိမ်သွားပြီးမှ၊ မှတ်မှတ်ရရပြောရရင် အာဏာသိမ်းနှစ်နှစ်ပြည့်လို့ စကစ သက်တမ်းထပ်တိုးပြီး သိပ်မကြာဘူး၊ ဓားခုတ်လုယက်တွေပြန်ဖြစ်လာ တာ” ဟု လူမှုကူညီရေးအသင်းသား တစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစောပိုင်းကာလများတွင် နေ့စဉ်ရက်ဆက် ရာဇ၀တ်မှုများ ဖြစ်ပွားနေသည့် မန္တလေးမြို့တွင် လက်ရှိ လျှပ် စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်မှုများ ကြုံနေရ၍ အမှောင်ကို အခွင့်ကောင်းယူပြီး ခိုးဆိုးနှိုက်များ ပြန်ဖြစ်လာမည်ကို မြို့ခံများက စိုးရိမ်နေကြသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s