မန္တလေးမဟာမုနိဘုရားကြီးတွင် ရှင်လောင်း လှည့်အဖွဲ့များအား ယာဉ်ရပ်နားခ သောင်းဂဏန်းတောင်း ယူနေဟုဆို

မန္တလေး မဟာမုနိဘုရားကြီးသို့လာရောက်သည့် ရှင်လောင်းလှည့်ကားများအား ယာဉ်ရပ်နားခ အဖြစ် တစ်ဖွဲ့လျှင် ကျပ်သောင်းဂဏန်းတောင်းယူနေကြောင်း မြို့ခံများကပြောသည်။
“ယာဉ်ရပ်နားခဆိုပြီး ၂၀,၀၀၀၊ ၃၀,၀၀၀ ကနေ ၅၀,၀၀၀ လောက်အထိ တောင်းတယ်လို့ သတင်းတွေ ထွက်တယ်။ မယုံလို့စောင့်ကြည့်နေတာ ကိုယ့်အလှူမှပဲ တကယ်ကိုကြုံတော့တယ်။ မုန့်ဖိုးတောင်းသလို လို၊ သတ်မှတ်ကြေးလိုလိုနဲ့ တောင်းတာ၊ မိတ်ဆွေတစ်ယောက်ကတော့ အလှူလှည့်လာတာမို့လို့ ဒီလို ကိစ္စလေးနဲ့ အကုသိုလ်မဖြစ်ချင်ဘူးဆိုပြီး ပေးခဲ့တယ်” ဟု ဖေဖော်ဝါရီလက အလှူလှည့်သွားရောက်ခဲ့ သည့် မြို့ခံတစ်ဦးက ပြောသည်။
မန္တလေးမြို့တွင် ရှေးအဆက်ဆက် ထုံးတမ်းအစဉ်အလာဓလေ့အရ ရဟန်းခံရှင်ပြုပွဲများပြုလုပ်သည့်အခါ မြို့တွင်းသို့ ရှင်လောင်းလှည့်ထွက်လေ့ရှိကြပြီး မြို့၏အထင်ကရ မဟာမုနိဘုရားကြီး(မဟာမုနိရုပ်ရှင် တော်မြတ်)သို့လည်း သွားရောက်ကြလေ့ရှိသည်။
ရှင်လောင်းလှည့်တစ်ဖွဲ့လျှင် ကားအစီးရေ လေးငါးဆယ်စီးမှ၊ အစီး ၂၀ ခန့်အထိ ပါဝင်ကြသည်များလည်း ရှိပြီး ၎င်းတို့အား ဘုရားဖူးဧည့်သည့်ယာဉ်ရပ်နားသည့်နေရာမဟုတ်သော သီးသန့်နေရာတွင် ဂေါပက အဖွဲ့ကနေရာပေးပြီး သီးခြားအလှူငွေကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့နှင့်နီးစပ်သူတစ်ဦးထံ မေးမြန်းကြည့်ရာတွင် “တစ်စီးချင်းအတွက်က ယာဉ်ရပ်နားကွင်းမှာပါ။ တစ်စီးကို ၃၀၀ ကျပ် ကောက်ပါတယ်။
ရှင်လောင်းလှည့် အဖွဲ့တွေကိုတော့ ၁၅,၀၀၀ ကျပ်အလှူခံပါတယ်။ ၁၅,၀၀၀ ဆိုတာက အလှူရှင်လောင်းအဖွဲ့တွေ အဖွဲ့ လိုက်အတွက် တစ်စီးချင်းမဖြတ်တော့ဘဲ ပေါင်းကောက်လိုက်တဲ့ သဘောပါ။ အပြင်မှာ ကောလာဟလ ထွက်နေသလို လေးငါးသောင်း၊ တစ်သိန်းတောင်းယူတာမျိုးမရှိပါဘူး” ဟု ၎င်းကဆို သည်။
အလှူရှင်များအနေဖြင့် အမှန်တကယ်ပေးဆောင်ရသည်မှာ အဖွဲ့လိုက်လာရောက်ကြသောကားများနှင့် ဆိုင်ကယ်များအားလုံးရပ်နားရန်အ တွက် ဘုရားသို့ အလှူငွေ ၁၅,၀၀၀ ကျပ်မှလွဲ၍ မည်သည့်အလှူငွေမှ လှူဒါန်းရန်မလိုကြောင်းလည်း ဂေါပကအဖွဲ့က သတင်းထုတ်ပြန်ထား သည်။
“ကားတစ်စီးကို ၃၀၀ နဲ့ဆိုရင်တောင် ၁၅,၀၀၀ ဆိုတာ အစီး ၅၀ စာဖြစ်နေတယ်။ တချို့အလှူတွေမှာ ကား ၁၀ စီးတောင် မပြည့်ပါဘူး။ ၁၅,၀ ၀၀ ခွဲကောက်တာဆိုလည်း များနေတယ်” ဟု မြို့ခံတစ်ဦးက သုံးသပ် ပြောဆိုသည်။
မန္တလေး မဟာမုနိဘုရားကြီးပရဝုဏ်အတွင်း၊ ဗီဒီယိုနှင့်ရုပ်ရှင်မှတ်တမ်းရိုက်ကူးခအဖြစ် ကျပ် ၅၀,၀၀၀ မှ ကျပ် ၁၀၀,၀၀၀ အထိကောက်ယူပြီး အလှူအဖွဲ့များအနေဖြင့် ပေးရန်မလိုကြောင်း ဂေါပကအဖွဲ့ထံမှ သိရ သည်။ mizzima