မန်တုံမြို့နယ် နောင်ဆန်းရှိ စစ်ကောင်စီဂိတ်၌ မီးသွေးတစ်အိတ်လျှင် ၁ သောင်းခွဲ ဆက်ကြေးကောက်

တအာင်းဒေသ မန်တုံမြို့နယ် နောင်ဆန်းကျေးရွာရှိ စစ်ကောင်စီဂိတ်တွင် မီးသွေးတစ်အိတ်လျှင် ကျပ် တစ်သောင်းခွဲအထိ စစ်ကောင်စီတပ်က ဆက်ကြေးကောက်နေကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်က လမ်းမှာ ဂိတ် ဖွင့်ထားပြီး ဖြတ်သန်းသွားလာနေသည့် မီးသွေးကားနှင့် မီးသွေးတင် ကုန်သည်ထံမှ ဆက်ကြေး ကောက်နေခြင်းဖြစ်သည်။
ငွေ ပေးဆောင်ခဲ့ရသည့် မန်စပ်ရွာခံ အမျိုးသားတစ်ဦးက “တစ်အိတ် တင်လည်း တစ်သောင်းခွဲပဲ။ တစ်ကားလုံးတင်လည်း တစ်သောင်းခွဲပဲဆိုတော့ တခါတလေ ရောင်းဖို့မဟုတ်ဘဲ မြို့မှာရှိတဲ့ အမျိုးတွေသုံးဖို့ လက်ဆောင်ပေးဖို့ ယူသွားတာလည်း တစ်သောင်းခွဲ ပေးရတယ်” ဟု ပြောသည်။
ယခုလို ဆက်ကြေး ပေးနေရသောကြောင့် မီးသွေး တစ်အိတ် နှစ်အိတ်သာ သယ်ဆောင်နေကြသူများအတွက် အဆင်မပြေကြောင်း ၎င်းက ဆက်ပြောသည်။
နောင်စန်းရွာနှင့်နီးသည့် မိုင်းဘော်ရွာခံ အမျိုးသားတစ်ဦးကလည်း “ပုံမှန်ကောက်တာတော့ မဟုတ်ပါဘူး။ တွေ့ရင်တော့ ကောက်တယ်။ ကြုံရင်ကြုံသလိုပဲ ယူနေကြတယ်။ ကားတစ်စီးကို သုံးလေးသောင်း တောင်းတာမျိုးလည်းရှိတယ်။ ပုံမှန်တော့ မဟုတ်ဘူး” ဟု ဆိုသည်။
ဘယ်သွားသွား ဆက်ကြေး ပေးနေရသောကြောင့် မထူးဆန်းတော့သလို ဆက်ကြေး တောင်းနေခြင်းသည် စစ်ကောင်စီတပ်၏ လုပ်နေကြ လုပ်ရပ်လို ဖြစ်နေပြီဟု မန်တုံ-နမ္မတူသို့ ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။ mizzima