ရွာမီးရှို့သည့် စစ်တပ်ကို တော်လှန်ရေးအဖွဲ့များပေါင်း၍ တိုက်ခိုက်

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ ကျွဲကျရွာကို မီးဝင်ရှို့သည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က မတ် ၇ရက်တွင် ဝင််ရောက်တိုက်ခိုက်သည်။
မတ္တရာမြို့ အရှေ့မြောက်ဘက် ၆မိုင်ဝန်းကျင်အကွာရှိ ကျွဲကျကျေးရွာသို့ မတ် ၆ရက်တွင် စစ်ကောင်စီ အင်အား ၃၀ခန့် ရောက်လာသည်။
နောက်တစ်ရက် (မတ် ၇)မှစ၍ ရွာကို မီးရှို့နေစဉ် တော်လှန်ရေးပူးပေါင်းတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၊ ဒရုန်းဖြင့် ဗုံးကျဲ၍ နာရီဝက်ခန့် တိုက်ခိုက်ရာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့သည်။
“ကျွန်တော်တို့က လက်နက်ကြီး အလုံး ၂၀ ကျော်လောက်အရင်ပစ်ပြီးမှ ရွာထဲဝင်သွားလိုက်တာ၊ နှစ်ထပ်တိုက်တစ်ခုပေါ်မှာ ခိုနေတဲ့ စစ်သားတွေနဲ့တွေ့ပြီးချကြတာပါ”ဟု တိုက်ပွဲအတွင်းပါဝင် သည့် ဥဒေါင်းမင်းပျောက်ကြားတပ်ဖွဲ့ စစ်ရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီ မီးရှို့၍ ကျွဲကျရွာမှ အိမ် ၁၀လုံးပျက်စီးသွားသည်၊ စစ်သား ၅ဦးထက်မနည်း သေသည်၊ ၎င်းတို့ဘက်က ထိခိုက်မှုမရှိဟု ၎င်းက ဆက်ပြောသည်။ ဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပေ။
မန္တလေးမြို့ မြောက်ဘက် ၁၅ မိုင်ဝန်းကျင်သာဝေးသည့် မတ္တရာမြို့နယ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့လှုပ်ရှားမှုများ အားကောင်းသည်။
ခုခံတိုက်ခိုက်မှုများကြောင့် နိုင်ငံအတွင်းရှိ မြို့နယ်ထက်ဝက်နီးပါးကို အပြည့်အဝ မအုပ်ချုပ်နိုင် ဟု အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် ဇန်နဝါရီလကုန်ပိုင်းတွင် ဝန်ခံထားသည်။ myanmar now