လျှပ်စစ်မီးမရ၍ မီးစက်အားကိုးနေရချိန်တွင် စက်သုံးဆီလျှော့ရန် စစ်ကောင်စီပြော

ကမ္ဘာ့စက်သုံးဆီဈေး မြင့်တက်မှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချရန်နှင့် အသုံးစရိတ်မြင့်မားမှုကို ရှောင်ရှားရန်ဟုဆိုကာ ပြည်ပမှ တင်သွင်းနေရသည့် စက်သုံးဆီသုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချမည်ဟု စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောဆိုလိုက်သည်။ 

ယခုနှစ်အတွင်း စစ်ကောင်စီ၏ အုပ်ချုပ်မှုနှင့် လုပ်ငန်းအတွက် သုံးမည့် စက်သုံးဆီကိုပါ စိစစ် သုံးစွဲမည်ဟုလည်း နေပြည်တော်တွင် မတ် ၉ ရက်က ပြုလုပ်သည့် ဘတ်ဂျက်အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောခဲ့သည်။

စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ချိန်အထိ လျှပ်စစ်မီး ပြတ်ချင်တိုင်းပြတ်နေသဖြင့် ပြည်သူတို့က မီးစက်ကို အားထားနေရချိန်တွင် စက်သုံးဆီတင်သွင်းမှု ကန့်သတ်ထားရာ ဆီအလုံလောက်ဝယ်မရမည်ကို စက်မှုဇုန်လုပ်ငန်းရှင်များနှင့် စီးပွားရေးအသိုင်းဝိုင်းက စိုးရိမ်နေသည်။

လျှပ်စစ်ရထားနှင့် လျှပ်စစ်ကားအစီအစဉ်ကို မကြာခဏထုတ်ဖော်ပြောဆိုလေ့ရှိသည့် စစ်ကောင်စီလက်ထက်တွင် ပြည်သူတို့မှာ တစ်ရက်လျှင် ငါးနာရီမှ ကိုးနာရီခန့်သာ လျှပ်စစ်မီးရနေသဖြင့် စက်ရုံ၊ အလုပ်ရုံတို့မှာ ဒီဇယ်၊ ဓာတ်ဆီသုံး မီးစက်များကို အားကိုးအားထားပြုနေရသည်။

စက်မှုဇုန်နှင့် အခြားစီးပွားရေးလုပ်ငန်းများအတွက် စက်သုံးဆီဝယ်ယူမှု အဆင်ပြေရန်၊ လိုအပ်သည့် စက်သုံးဆီပမာဏ ပြည့်ပြည့်ဝဝရရှိနိုင်ရန် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းရုံးတွင် မတ် ၃ ရက်ကမှ လုပ်ငန်းရှင်တို့ ဆွေးနွေးခဲ့ကြသေးသည်။

သို့သော် ဆီတစ်ဂါလန် လျှပ်စစ် ၁၀ ယူနစ်ခန့်သာ ထွက်ရှိပြီး ဆီတစ်ဂါလန် ကျပ်တစ်သောင်းဈေးဖြင့် တွက်လျှင်ပင် တစ်ယူနစ်ကို ကျပ်တစ်ထောင်ဝန်းကျင် ကျသင့်ကြောင်း၊ လျှပ်စစ်ဌာနက ဖြန့်ဝေပေးသည့် မီတာခမှာ တစ်ယူနစ် ၁၅၀ မှ ၂၀၀ ကျပ်သာဖြစ်၍ အာဏာမသိမ်းမီနှင့် အာဏာသိမ်းအပြီး ဓာတ်အားခကုန်ကျစရိတ် မည်မျှကွာခြားသွားသည်ကို တွေ့နိုင်ကြောင်း ရန်ကုန်မြို့ တောင်ဒဂုံစက်မှုဇုန် (၁) မှ လုံခြုံရေးအရ အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အားလုံးက သူ့ဟာနဲ့သူ လည်နေကြတာပဲ။ မီးလာရင်လည်း လုပ်နေကြတာပဲ။ မီးမလာရင်လည်း လုပ်နေကြတာပဲ” ဟု ၎င်းက ဆိုသည်။ 

အချိန်ကန့်သတ်ချက်မရှိ ပြတ်ချင်တိုင်းပြတ်နေသဖြင့် ကုန်ကျစရိတ်ကြီးပြီး ကုန်ထုတ်လုပ်ငန်းများ အခက်တွေ့နေသော်လည်း အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက်အဆင်ပြေရန် စက်ရုံကို ထိန်းသိမ်းလည်ပတ်နေရသည်ဟု စက်မှုဇုန်လုပ်ငန်းရှင်အချို့က ဆိုသည်။ 

စစ်ကောင်စီလက်ထက်တွင် ရာသီမရွေး မီးပြတ်တောက်မှု ပိုများလာပြီး လူဦးရေအများဆုံးနေထိုင်ရာ ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာကာ လွန်ခဲ့သော ၁၀ နှစ်ကျော် အာဏာရှင်ဟောင်း ဦးသန်းရွှေခေတ်ကကဲ့သို့ အချိန်ပိုင်း၊ အလှည့်ကျမီးပေးသည့် စနစ် တစ်ကျော့ပြန်ပေါ်လာသည်။

နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ခံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကပင် မီးစက်တစ်လုံးဝယ်ယူလိုကြောင်း ၂၀၂၂၊ မတ် ၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် တင်ဒါခေါ်ယူဖူးသည်။

မြန်မာနိုင်ငံသည် တစ်နှစ်လျှင် ရေနံနှင့် ရေနံထွက်ပစ္စည်းတင်သွင်းမှု ဒေါ်လာ ၁ ဒသမ ၃ ဘီလျံခန့် ရှိပြီး ပြည်ပမှ တင်သွင်းမှု လျှော့ချရန်နှင့် ပြည်တွင်းထုတ်လုပ်မှု တိုးမြှင့်ရန် လိုအပ်ကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့် နှစ်လယ်ပိုင်းတွင် ပြောဆိုထားသည်။

၂၀၂၁ ဖေဖော်ဝါရီမှစ၍ အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်တွင် နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုများ ဆက်တိုက်လုပ်နေသလို ပြည်သူတို့ကလည်း အခွန်မဆောင်ခြင်း အပါအဝင် နည်းမျိုးစုံသုံး၍ ဆန့်ကျင်နေရာ စစ်ကောင်စီမှာ ဘက်ပေါင်းစုံ အကျပ်တွေ့နေသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s