သံဖြူဇရပ်တွင် စစ်ကောင်စီတပ်ကို သတင်း ပေးဆိုသူ ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ်ကျေးရွာတွင် စစ်ကောင်စီတပ်သတင်းပေးဆိုသူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံမှ သိရသည်။
ယမန်နေ့ မတ်လ ၉ရက် ည ၈နာရီခွဲဝန်းကျင်၌ ကျုံကဒတ်ကျေးရွာ လမ်းထိပ်တွင် ကွမ်းယာရောင်းသည့် စစ်ကောင်စီတပ်သတင်းပေးဆိုသူ မောင်လေးကြီး (ခ) ဆံရှည် သည် သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံရကာ သံဖြူဇရပ်ဆေးရုံတင်ထားရကြောင်း သိရသည်။
“ညရှစ်ခွဲ သေနတ်နဲ့သုံးချက်ပစ်ခံထိပြီးဆေးရုံတင်ထားရတယ်။ ကြံ့ဖွံ့စည်းရုံးရေးမှုး၊ ရွာရဲ့ဒလန်အကြီးစားပါ။ ပစ်ပြီးတော့ရွာက အထင်ကရလူတွေလိုက်ဖမ်းပြီး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်း ကြားရတယ်။ အရင်တုန်းကလည်း သူသတင်းပေးလို့ ဖမ်းဆီးတာလည်းရှိတယ်။ ထွက်ပြေး တိမ်းရှောင်ရတာလည်းရှိတယ်။ အခုလည်း သတင်းပေးနေဆဲပဲ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
အဆိုပါ ပစ်ခတ်မှုအား မည်သည့်အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကိုမူ မသိရသေးကြောင်း ဆိုသည်။
အဆိုပါ မောင်လေးကြီး (ခ) ဆံရှည် ၏ ကွမ်းယာဆိုင်သည် ယခင် ၂၀၂၁ ခုနှစ်တုန်းက မီးရှို့ခံရကာ ပျက်စီးသွားသည့် ကွမ်းယာဆိုင်အား စစ် တပ်မှ ရွာက ပိုက်ဆံများဖြင့် ပြန်ဆောက်ပေးထားရာ မကြာမီတွင်လည်း မိုင်းဖြင့် ထပ်မံဖောက်ခွဲခံခဲ့ရကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် သံဖြူဇရပ်မြို့ရှိ ကျောင်းပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခံရကာ အဆောက်အဦတစ်ခုလုံး ပျက်စီးသွားခဲ့သေးသည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့ ညတွင်လည်း သံဖြူဇရပ်မြို့ လ.ဝ.က ရုံးအား TGF မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရုံးအဆောက်အဦ ပျက်စီးသွားပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။mizzima