သံဖြူဇရပ်မြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ်ကျေးရွာမှာ မတ် ၉ ရက် မနေ့ည ၈ နာရီလောက်က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တယောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ကျုံကဒတ်ကျေးရွာ ပြည်သူစစ်အဖွဲ့ဝင် အသက် ၄၀ အရွယ် နန်းဝေဟန် (ခ) မောင်လေးကြီးကို ဆိုင်ကယ် ၂ စီးနဲ့လာတဲ့ လူ ၃ ဦးက နေအိမ်အရှေ့မှာ သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် နန်းဝေဟန်ရဲ့ ဘယ်တင်ပါး ကျည်ဖောက်ထွက်ဒဏ်ရာ တချက်နဲ့ နောက်ကျော ကျည်ထိမှန်ဒဏ်ရာ ၂ ချက် ရရှိခဲ့ပြီးနောက် ကျုံကဒတ်တိုက်နယ်ဆေးရုံကို ပို့ဆောင်ထားပါတယ်။
ဒေသခံတဦးက “သူက ရွာမှာ ကွမ်းယာဆိုင်ဖွင့်ထားတာ၊ ရွာက ပြည်သူ့စစ်ခေါင်းဆောင် ကိုနေမျိုးတို့ အဖွဲ့ဝင်ပါ။ ညညဆိုလည်း အရက်သောက်ပြီး ရွာထဲမှာ အော်ဟစ်ဆဲဆို ကြိမ်းတာတွေ အမြဲလုပ်တယ်” လို့ ပြောပါတယ်။
ပြည်သူ့စစ်အဖွဲ့ဝင် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်း ပိတ်ဆို့ရှာဖွေ စစ်ဆေးတာနဲ့ မသင်္ကာတဲ့သူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ ပြည်သူ့စစ်အဖွဲ့ဝင်ကို ပစ်ခတ်မှုမှာ သံသယရှိသူတဦးကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေ ဖမ်းဆီးရာမှာ လွတ်မြောက်သွားတယ်လို့ ရေးသားနေကြပါတယ်။
ဒေသခံတွေအဆိုအရ ပြည်သူ့စစ်အဖွဲ့ဝင် ပစ်ခတ်ခံရပြီး ဒီနေ့ မတ် ၁၀ ရက် မနက်ပိုင်းမှာလည်း ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခြေရှုပ်နေတယ်လို့ ဆိုပါတယ်။
သံဖြူဇရပ်မြို့နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ပြည်သူ့စစ်၊ အုပ်ချုပ်ရေးမှူးတွေ အပါအဝင် သတင်းပေးဒလန် ၁၀ ဦးထက်မနည်း ပစ်ခတ်ရှင်းလင်းခံထားရပါတယ်။ DVB