“ တနှစ် နှစ်နှစ်အတွင်း မြန်မာပြည်ရဲ့ နိုင်ငံရေး ရုပ်ချည်းပြောင်းလဲနိုင်မယ့် ဖြစ်ရပ်မျိုး ဖြစ်လာမယ်လို့ မထင်ပါဘူး။ ဖြေးဖြေးချင်း တိုးတက်ပြီးတော့မှ ပြောင်းလာတဲ့ အပြောင်းအလဲပဲ ပိုပြီးဖြစ်နိုင်ခြေ ရှိတယ်။ ဥပမာအားဖြင့် ပြည်ပက စစ်ရေးအကူအညီမျိုး ဆိုတာထက် EAO တွေနဲ့ PDF အပါအဝင် တော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုအားကောင်းလာမယ်။ အဲဒီကတဆင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ရည်ခိုက်ရည် ကောင်းလာတယ်။ သိသာတဲ့ အောင်မြင်မှုတချို့ ရလာမယ်။ ဒီအောင်မြင်မှုတွေကို သိမြင်ပြီးနောက်ပိုင်း တခြားသော နိုင်ငံတွေဟာ သူတို့ရဲ့ မူဝါဒတွေကို ဖြည်းဖြည်းချင်း ပြောင်းလဲလာတဲ့ ဖြစ်စဉ် ပေါ်ပေါက်လာပြီး အဲဒါတွေကတဆင့် မြန်မာ့နိုင်ငံရေး ဖြစ်စဥ်တခုလုံး ပြောင်းလဲလာမယ် ဆိုတဲ့ ဖြစ်နိုင်ခြေက ပိုများပါတယ်”
===============
ဒါကတော့ စစ်ရေးနဲ့ လုံခြုံရေးရာနယ်ပယ်မှာ ကျွမ်းကျင်သူ သုသေသီ Anthony Davis က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး “၂၀၂၃ ခုနှစ်အတွင်း မြန်မာ့စစ်ရေး တိုးတက်ပြောင်းလဲလာနိုင်မှုအပေါ် အကဲဖြတ်ခြင်း” ခေါင်းစဥ်နဲ့ ကျင်းပခဲ့တဲ့ အွန်လိုင်းဆွေးနွေးပွဲအတွင်း ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားအကြောင်း ပြောရမယ်ဆိုရင် မြို့ပေါ်နေ လူတန်းစားတချို့အတွက်ကတော့ လက်ရှိမှာ ပုံမှန် အခြေအနေတစ်ခုကို ပြန်လည်ရောက်ရှိနေသလို ဖြစ်ပေမယ့် မြန်မာပြည်အလယ်ပိုင်းအပါအအဝင် တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေမှာတော့ စစ်ကောင်စီကို အမြစ်ပြတ် တိုက်ထုတ်ရမယ့် လမ်းကလွဲရင် အခြားရွေးချယ်စရာ လမ်းမရှိတော့တဲ့ အခြေအနေကို ဆောင်နေပါတယ်။
တော်လှန်ရေးကို စစ်ရေးတခုနဲ့ပဲ အဖြေထွက်ဖို့ ဆိုတာကတော့ လက်ရှိအချိန်မှာ မဖြစ်နိုင်သေးပါဘူး။ နောက်ဆုံး အဆုံးအဖြတ်က စစ်ရေးနဲ့ ဆုံးဖြတ်တာလည်း ဖြစ်နိုင်ပါတယ်။ စစ်ရေးနဲ့ အဆုံးအဖြတ်ဖြစ်ဖို့က ပြည်သူလူထု ပါဝင်မှုက အရေးကြီးတယ်။ လက်ရှိတော်လှန်ရေးဟာ ပါတီတစ်ခု အဖွဲ့အစည်းတစ်ခုအတွက် တော်လှန်ပုန်ကန်နေတာ မဟုတ်ဘဲ မတရားမှုကို တွန်းလှန်လိုတဲ့ လူထုအားလုံး ပါဝင်နေခြင်း ဖြစ်တဲ့အတွက် ဒါဟာ တော်လှန်ရေး အောင်နိုင်ဖို့ အကောင်းဆုံး အကြွယ်ဝဆုံး အခြေခံရင်းမြစ်တစ်ခုပဲ ဖြစ်တယ် လို့ Anthony Davis က ဆိုလိုက် ပါတယ်။
လူထုရဲ့ ပါဝင်မှုကသာ နိုင်ငံရေး၊ စစ်ရေး၊ ငွေကြေးထောက်ပံ့နိုင်မှု အပါအဝင် စစ်ရေးအတွက် အရေးကြီးတဲ့ ထောက်ပို့နဲ့ သတင်းအချက်အ လက် စီးဆင်းမှုတွေကို အားကောင်းစေမှာဖြစ်ပြီး၊ တော်လှန်ရေးကို ကြီးစွာအထောက်အပံ့ ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ပြည်သူလူထုရဲ့ ရန်သူဖြစ်နေပြီဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စုဖွဲ့မှုဆိုင်ရာ အင်အားအခြေအနေကို ဂရုတစိုက် စောင့်ကြည့်လေ့လာဖို့လည်း လိုပါလိမ့်မယ်။ လက်ရှိ စစ်တပ်ဟာ နေ့စဉ်ကျဆုံးထိခိုက်မှုတွေ ရှိနေပြီး တပ်သားသစ် စုဆောင်ရေးမှာ အခက်အခဲဆုံးကာလနဲ့ ရင်ဆိုင်လာနေရတယ်။ ထိန်းချုပ်နယ်မြေတွေ တဖြည်းဖြည်း လျော့နည်းလာခြင်း စီမံအုပ်ချုပ်နိုင်စွမ်းတွေ လျော့ကျလာခြင်းက သူတို့အတွက် အဓိက စိန်ခေါ်မှုတွေ ဖြစ်တယ်လို့လည်း ၄င်းက ဆိုတာပါ။
ဒါပေမဲ့ ဒီလိုအားနည်းချက်တွေရှိလို့ လက်ရှိ မြန်မာစစ်တပ်ကို အထင်သေး ပေါ့လျော့လို့တော့ မရသေးပါဘူး။ မြန်မာစစ်တပ်ဟာ လွတ်လပ် ရေး ရပြီးနောက်ပိုင်း နှစ်ပေါင်း ၇၀ လောက် တိုင်းပြည်ကို အုပ်ချူပ်ရုံတင်မကပဲ ဒီတိုင်းပြည်ကို သူတို့ ပိုင်တယ်။ ဒီတိုင်းပြည်ကို ဘာလုပ်သင့်တယ်၊ ဘာဖြစ်သင့်တယ်ဆိုတာ သူတို့ကိုယ်တိုင် ဆုံးဖြတ်မှ ရမယ်ဆိုတဲ့ စိတ်ဓတ်ကို ဦးနှောက်ထဲ ရိုက်သွင်းခံထားရတဲ့ အဖွဲ့အစည်းဖြစ်တယ်။ နိုင်ငံရဲ့ ရင်းမြစ်မှန်သမျှကို သုံးစွဲခွင့်ရှိပြီး နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ စစ်တပ်တခုဖြစ်တာကြောင့် သူတို့ရဲ့ လူသူလက်နက်အင်အားနဲ့ စစ်ရေးအတွေ့အကြုံတွေက လက်ရှိတော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ဖို့ဆိုတာ နေရာအနှံ့မှာ မဖြစ်နိုင်သေးပါဘူး။
လက်ရှိ စစ်ကောင်စီဘက်က နေ့စဉ် ကျဆုံးထိခိုက်မှုတွေ၊ CDM ဝင်လာသူတွေ ရှိနေတာ မှန်ကန်ပေမယ့် တကယ်မှန်ကန်တိကျတဲ့ အရေအ တွက် ရဖို့ကတော့ စိန်ခေါ်မှုတွေ ပြည့်နှက်နေဆဲပါ။ ရရှိထားတဲ့ အချက်အလက်တွေအရတော့ စစ်တပ်ကနေ ထွက်ပြေးပြီး ဘက်ပြောင်းလာတဲ့ CDM အရေအတွက်က ၃,၀၀၀ ဝန်းကျင်လောက် ရှိနိုင်ပြီး၊ သေကြေပျက်စီးသူနဲ့ တချိူ့မသေပေမယ့် တိုက်ပွဲမဝင်နိုင်တော့တဲ့သူ အရေ အတွက်ဟာလည်း အလွန်ဆုံး တစ်သောင်း ငါးထောင်နဲ့ နှစ်သောင်းအောက်ပဲ ရှိနိုင်ပါမယ်။
အခြားတဖက်မှာတော့ ရှေ့တန်းစစ်မြေပြင်ကို ထွက်နိုင်တဲ့ မြန်မာစစ်သားအင်အားက ခန့်မှန်းတစ်သိန်း ဝန်းကျင်ရှိပြီး၊ အဲ့ဒီမှာ စစ်ပညာကိုလည်း ကျွမ်းကျင်ပြီး စစ်တပ်ကို တိုက်ရိုက်အထောက်အကူပြုနိုင်တဲ့ ရဲတပ်ဖွဲ့ဝင် ၇ သောင်း ကို ပေါင်းလိုက်ရင် သူတို့ရဲ့အင်အားဟာ တစ်သိန်း ခုနှစ်သောင်းလောက် ရှိနိုင်ပါတယ်။ အဲဒီ ၁ သိန်း ၇ သောင်းလောက်ထဲမှာ အများဆုံး တစ်သောင်းခွဲ ဒါမှမဟုတ် နှစ်သောင်းလောက် ဆုံးရှုံးလိုက်ရတဲ့ ကိစ္စဟာ နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်ကြီးတွေကို မတုန်လှုပ်စေလောက်ပါဘူး။ ဒီအရေအတွက်ဟာ သူတို့ကို ပြုတ်ကျနိုင်လောက်အောင် လုပ်နိုင်တဲ့ အနေအထားလို့လဲ မြင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီလို စစ်သားဦးရေ ၁ သိန်း ၇သောင်းလောက်မှာ အချိန်တိုတွင်း ၂ သောင်းလောက် ထိခိုက်သေကြေသွားတယ်ဆိုတဲ့ ပမာဏကလည်း သေးငယ်တဲ့ ပမာဏ တခုတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း စစ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့ လက်ရှိအနေအထားကို တောင့်ခံနိုင်တယ်လို့ ယူဆထားပုံရပေမဲ့ ရေရှည်အနေအထားကိုတော့ စိတ်ပူပန်ဟန်တူပြီး တော်လှန်ရေးကို အမြန်ဆုံး အမြစ်ဖြတ်ချင်နေတာလည်း ဖြစ်ပါတယ်။ သူတို့အနေနဲ့ လေကြောင်းက နေ့စဥ်တိုက်ခိုက်မှုတွေအပါအဝင် လက်နက်အင်အား အလွန်အကျွံသုံးပြီး တော်လှန်ရေးတပ်ဖွဲ့တွေအပေါ် ချေ မှုန်းဖို့ လုပ်နေတယ်ဆိုတာဟာ ဒီစိုးရိမ်မှုအပေါ် အခြေခံပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြောလို့ရပါတယ်။
ဒီလိုကြီးမားတဲ့ အင်အားစုဖွဲ့မှုတွေ ရှိနေပေမယ့် စစ်ကောင်စီရဲ့ တကယ့်စိန်ခေါ်မှုကတော့ တိုင်းပြည်မှာ နေရာအနှံ့ ဖြစ်ပေါ်နေတဲ့ တော်လှန် ရေး အခြေအနေတွေပဲ ဖြစ်ပါတယ်။ သူတို့အနေနဲ့ တပ်ရင်း တပ်ဖွဲ့ တိုင်းမှာ လုံလောက်တဲ့ အင်အားမရှိပဲ တော်လှန်ရေးနယ်မြေတွေ အပါ အဝင် မြို့ပေါ်တွေအားလုံးမှာ အင်အားအကုန် ဖြန့်ကျက်ထားရတဲ့ စိန်ခေါ်မှုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်နက်အင်အားများစွာရှိပြီး တစ်နေရာတည်းကနေ (Chain of Command) စနစ်နဲ့ ကောင်းစွာစုစည်း စီမံထားနိုင်ပေမဲ့ တော်လှန်ရေး အင်အားစုတွေကို အပြုတ်မတိုက်နိုင်တာ၊ တစ်ပြိုင်နက်တည်း မတိုက်ခိုက်နိုင်တာတွေဟာ စစ်ကောင်စီရဲ့ အားအနည်းဆုံး အခြေခံအချက်ပဲ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ ဖွဲ့စည်းတည်ရှိပုံကို ပြန်လည်ဆန်းစစ်ကြည့်ရမယ်ဆိုရင် စစ်ကောင်စီရဲ့ တပ်ရင်းတစ်ခုမှာ တရားဝင် သတ်မှတ်ချက်အရ အရာရှိ၊ အကြပ်၊ စစ်သည် စုစုပေါင်းဟာ ၇၅၀ လောက်ရှိရမှာ ဖြစ်ပေမယ့် တကယ်တမ်းမှာတော့ အင်အား ၁၅၀ လောက်ကိုသာ စုစည်းထားနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်။ တခု သတိချပ်ရမှာက ဒါဟာ နွေဦးတော်လှန်ရေး စတင်ဖြစ်ပေါ်လာတဲ့ အခါကျမှ စစ်သားတွေ သေဆုံးလျော့နည်းတာမျိူး မဟုတ်ဘဲနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းက တောက်လျောက် ဖြစ်ပျက်နေတဲ့ ပြဿနာ ဖြစ်တယ်ဆိုတာကို ပြောချင်တာပါ။
မြန်မာစစ်တပ်အနေနဲ့ ၁၉၈၈ အာဏာသိမ်းပြီး ၁၉၉၀ ဝန်းကျင်လောက်ကစပြီး တပ်ရင်းတွေကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ရာမှာ တပ်သားဦးရေကို ထင်သလောက် မတိုးချဲ့နိုင်ပဲ တပ်ရင်းတွေကိုသာ အရေအတွက်အားဖြင့် တိုးချဲ့နိုင်ခဲ့တာကြောင့် တပ်ရင်းတစ်ခုမှာရှိရမယ့် သတ်မှတ်ထားတဲ့ စစ်သည် အင်အားအပြည့် မရှိတော့ပဲ၊ ဒါဟာ ကြာရှည်နေပြီဖြစ်တဲ့ တပ်တွင်းအဂတိလှိုက်စားမှုတွေက အရင်းတည်ဖြစ်ပေါ်ခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
ဒီလိုမြေပြင်မှာ အားနည်းချက်တွေရှိတာကြောင့် စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ်မှာရော လက်ရှိ ၂၀၂၃ ခုနှစ်အတွင်းမှာပါ လေကြောင်း တိုက်ခိုက်မှုတွေကို ပိုမိုအားပြုပြီး တော်လှန်ရေးအင်အားစုတွေကို ချေမှုန်းဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။
ဒုတိယအပိုင်းအနေနဲ့ စစ်ပွဲတွေမှာ အရေးပါဆုံးထဲက တခုလို့တောင် တင်စားနိုင်တဲ့ ထောက်ပို့ အကြောင်း ပြောရမယ်ဆိုရင် လောင်စာဆီ၊ လမ်းကြောင်းနဲ့ လက်နက်ခဲယမ်း တွေက အဓိက ကျပါလိမ့်မယ် လို့ ဆိုပါတယ်။
လက်ရှိထောက်ပို့လမ်းကြောင်း အခြေအနေကို လေ့လာကြည့်မယ် ဆိုရင်လည်း ချင်းပြည်နယ်လို တစ်ချို့သော တိုင်းရင်းသားဒေသအချို့ကလွဲပြီး စစ်တပ်အနေနဲ့ နိုင်ငံတစ်ဝန်းမှာ အခက်အခဲ သိပ်မရှိသေးဘူး ဆိုရမှာပါ။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု အခြေအနေတွေကြောင့် ချင်းတောင်တန်းမှာ တော်လှန်ရေး အင်အားစုတွေဟာ နယ်မြေတော်တော်များများကို ထိန်းချုပ်ထားနိုင်တာ တွေ့ရတယ်။ ဒါကြောင့် စစ်ကောင်စီအနေနဲ့ ချင်းပြည်နယ်အတွင်း ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်ရတဲ့အခါ လေကြောင်းကလွဲလို့ ကျန်လမ်းကြောင်းတွေက အတော်ကို ခက်ခဲသွားပြီး စစ်ကောင်စီကို တကယ်အကြပ်ရိုက်စေတဲ့ ထောက်ပို့လမ်း ကြောင်း လို့ပြောရမှာပဲ ဖြစ်ပါတယ်။
ထောက်ပို့အနေနဲ့ နောက်ထပ် အရေးပါဆုံးကတော့ စစ်ကောင်စီရဲ့ လေယာဉ်ဆီနဲ့ လက်နက်ခဲယမ်းများ သိုလှောင်ထားရှိမှုပဲ ဖြစ်ပါတယ်။ စစ် တပ်ဟာ ဂျက်လေယာဉ်ဆီ လောင်စာတွေနဲ့ လက်နက်ခဲယမ်းတွေကို တကယ့်ကို လုံခြုံစိတ်ချရတဲ့နေရာတွေမှာ လုံခြုံရေး အစီအမံ အပြည့် အ၀ဖြင့် ထားရှိထားခြင်းဖြစ်တယ်။ ဒီလိုနေရာမျိုးတွေကို တော်လှန်ရေး အင်အားစုများအနေဖြင့် အဓိက စစ်ရေးပစ်မှတ်အဖြစ် ထားရှိဖို့ကလည်း စစ်ရေးအရ အရေးကြီးပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းနဲ့ လောင်စာဆီတွေ သိုလှောင်ထားရာ နေရာတွေကို မြေပုံရေးဆွဲ မှတ် တမ်းတင်ထားနိုင်ဖို့က အလွန်အရေးပါသလို၊ ဒီလိုနေရာတွေကို ဖျက်ဆီးတိုက်ခိုက်နိုင်ခဲ့ရင် ဒါဟာ စစ်ကောင်စီကို အကြီးအကျယ် တုန်လှုပ်သွားစေမယ့် သတင်းစကား ပေးလိုက်ခြင်း ဖြစ်လိမ့်မယ် လို့လည်း ဆိုပါတယ်။
ဒီလိုဆီသိုလှောင်ရာ နေရာတွေကို တိုက်ခိုက်တာအပြင် လောင်စာဆီနဲ့ လက်နက်ခဲယမ်း သယ်ယူလာတဲ့ လမ်းကြောင်းတွေမှာ စောင့်ကြိုတိုက်ခိုက်တဲ့ ပုံစံမျိုးနဲ့ ထောက်ပို့လမ်းကြောင်းတွေကို ဖျက်ဆီးတာမျိုးတာကလည်း စစ်ရေးဗျူဟာအရ အရေးပါတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီလိုစစ်ရေးလှုပ်ရှားမှုတွေကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ စီမံခန့်ခွဲမှု ကောင်းမွန်စွာနဲ့ ချိန်သားကိုက် လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ လက်နက်ကြီး လက်နက်ငယ်အပါအဝင် အင်အားတောင့်တဲ့ အစုအဖွဲ့မျိုးနဲ့ ထောက်ပို့လမ်းကြောင်းတွေကို အချိန်ယူ ပြင်ဆင်လေ့လာပြီးမှသာ ဝင်ရောက်တိုက်ခိုက်ခြင်းကို လုပ်ဆောင်သင့်တယ်လို့လည်း ဆိုပါတယ်။
အခြားတဖက်မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တန်ပြန်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေ တောက်လျှောက်တောင်းဆိုနေတဲ့ No fly Zone သတ်မှတ်ရေး ဆိုတာက ဖြစ်နိုင်ခြေ အမတန် နည်းတယ်လို့ ပြောလို့ရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကို ဖြတ်ကျော်ပြီး လက်နက်ကြီးနဲ့ လေယာဉ်ပစ် လက်နက်လိုမျိုးတွေ ရောက်ရှိဖို့က ခက်ခဲတဲ့အပြင် လေယာဉ်ပစ် လက်နက်တွေကို မှားယွင်းစွာ စီမံခန့်ခွဲ အသုံး ချမှုတွေ ဖြစ်ပေါ်နိုင်ခြေနဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ၄င်းတို့ရဲ့ လေကြောင်းဘေးကင်း လုံခြုံရေးအတွက်ပါ စိုးရိမ်မှုတွေ ရှိနေနိုင်တယ်လို့ ဆိုတာပါ။
ဒါ့အပြင် အမေရိကန်လိုနိုင်ငံမျိုးသာ သတ်မှတ်နိုင်တဲ့ No Fly Zone ကို အကောင်အထည် ဖော်ဖို့အတွက်ဆိုရင် အမေရိကန်စစ်တပ်ရဲ့ လေ ယာဉ်တင်သင်္ဘောတွေနဲ့ တိုက်လေယာဥ်တွေ ဘင်္ဂလားပင်လယ်အော် လိုနေရာမျိုးအထိ အရောက်လာရမှာပါ။ ဒီလိုအခြေအနေတွေ ပေါ် ပေါက်လာရင်တော့ ပထဝီနိုင်ငံရေးအရ ရှုပ်ထွေးမှုတွေရှိလာနိုင်ပြီး တရုတ်နိုင်ငံရဲ့ အမြတ်ဒေါသကို ဆွပေးသလို အနေအထားမျိုးတွေအထိ ရောက်ရှိသွားနိုင်တာပါ။
လာမယ့်နှစ်များအတွင်း မြန်မာပြည်ရဲ့ နိုင်ငံရေးဟာ ထင်သလောက် ပြောင်းလဲလာဖို့ ခက်ခဲပေမယ့် PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ရည်ခိုက်ရည် မြင့်တက်လာမှုနဲ့ နယ်မြေစိုးမိုး ထိန်းချုပ်မှုတွေအပေါ် မူတည်ပြီး နိုင်ငံတကာရဲ့ အထောက်အပံ့တွေကလည်း တစ်စ တစ်စ ပိုမိုများပြားလာနိုင်ခြေတော့ ရှိနေပါတယ်လို့ Anthony Davis ကဆိုပါတယ်။
လက်ရှိမှာ အမေရိကန်ရဲ့ Burma Act လိုအကူအညီတွေ ရရှိလာခြင်းကလည်း တော်လှန်ရေးမှာ အပြောင်းအလဲ ဖြစ်ပေါ်လာဖို့အတွက် တွန်း အားတခုအနေနဲ့ စတင်မြင်တွေ့လာရခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ Burma Act ပါ ပြဌါန်းချက်တွေအပြင် ပထဝီနိုင်ငံရေးနဲ့ ထိုင်းနဲ့ အိန္ဒိယလို အိမ် နီးချင်းနိုင်ငံတွေရဲ့ သဘောထားနဲ့လည်း တိုက်ရိုက်ချိပ်ဆက်နေတာကြောင့် လက်နက်တွေ ဖောဖောသီသီ ဝင်ရောက်လာဖို့အတွက်က တော့ ထင်သလောက် လွယ်ကူမှာ မဟုတ်ပဲ ဆက်လက်ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။
နောက်ဆုံးအပိုင်းအနေနဲ့ အင်အားကြီး ရုရှ၊ တရုတ်နဲ့ ထိုင်း အိန္ဒိယတို့လို အိမ်နီးချင်းနိုင်ငံတွေနဲ့ လက်ရှိတော်လှန်ရေး ဆက်စပ်မှုပဲ ဖြစ်ပါတယ်။ တရုတ်နဲ့ ပတ်သက်လို့ကတော့ အားလုံးသိတဲ့အတိုင်းဆိုတော့ လက်ရှိအနေအထားအရ မြန်မာပြည်ကို ဖြတ်ကျော်တည်ဆောက်ထားတဲ့ တရုတ်-မြန်မာ ရေနံပိုက်လိုင်းတွေကတော့ စစ်တပ်သာမက တော်လှန်ရေးတပ်ဖွဲ့တွေကိုယ်တိုင်က ထိခိုက်ဖို့ စိတ်ကူးမရှိတဲ့အတွက် လုံ ခြုံရေးစိတ်ချရတဲ့ အနေအထားလို့ ပြောလို့ရပါတယ်။
စစ်ကောင်စီ အားကိုးနေရတဲ့ ရုရှားနဲ့ ဆက်ဆံရေးကတော့ အနောက်အုပ်စုက ဖယ်ကျဉ်ခြင်း ခံထားရတာကြောင့် ရုရှားဟာ မြန်မာကို လိုအပ်နေသလို မြန်မာကလည်း ရုရှားကို လိုအပ်နေတဲ့ ချိန်သားကိုက် အခြေအနေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ရုရှားဟာ စစ်ကောင်စီလို အထီးကျန်နိုင်ငံ ဖြစ်နေပေမယ့် မြန်မာစစ်တပ်အပေါ်ကိုတော့ လက်နက်ရောင်းချတဲ့ နိုင်ငံအဆင့်တစ်ခုထက် မပိုတဲ့ ဆက်ဆံရေး အနေအထားပဲ ရှိပါတယ်။ ရုရှဟာ သူတို့ကိုယ်တိုင် နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့် စီးပွားရေးအခက်အခဲတွေ ကြုံတွေ့ရနေချိန်မှာ မြန်မာပြည်ကိုလာပြီး ခရီးသွားလာရေး၊ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေနဲ့ နျူကလီးယားစီမံကိန်းတွေ အကောင်အထည်ဖော်မယ် ဆိုတာတွေကတော့ လက်တွေ့မကျတဲ့ ကိစ္စရပ်တွေဖြစ်ပြီး ဖြစ်နိုင်ခြေ အမတန် နည်းပါးလွန်းလှပါတယ်။
ထိုင်းနဲ့ အိန္ဒိယရဲ့ မြန်မာစစ်ကောင်စီနဲ့ နီးကပ်တဲ့ ဆက်ဆံရေးနဲ့ သူတို့အနေနဲ့ သဘောထား ပြောင်းလဲနိုင်ပါ့မလား ဆိုတာနဲ့ ပတ်သက်ပြီးပြောရရင် ဒါဟာ ပြဿနာလို့ မမြင်ဘူးလို့ ဆိုပါတယ်။
၂၀၂၃ ဟာ အင်မတန်မှ အရေးကြီးတဲ့ နှစ်ဖြစ်တယ်။ အဆုံးအဖြတ် ဖြစ်တယ်။ ဒါပေမဲ့ ၂၀၂၃ အတွင်းမှာ စစ်ကောင်စီ ပြုတ်ကျသွားမယ်။ တော်လှန်ရေးအဖွဲ့တွေ နိုင်သွားမယ် ဆိုတာမျိုးတွေ ဖြစ်လာဖို့ အမတန် ခဲယှဥ်းပါမယ်။ တကယ်တမ်း ဖြစ်နိုင်ခြေရှိတာက ၂၀၂၃ မှာ အပြောင်းအလဲဖြစ်မယ်။ အဲဒီ အပြောင်းအလဲက ဘယ်သူ အားသာသလဲဆိုတာကို သိသာ သွားမယ်။ ဘယ်သူ နိုင်မလဲဆိုတာ သိသာမယ့် အပြောင်းအလဲမျိူး ဖြစ်နိုင်တယ်။
အဲဒီလို ကောင်းမွန်တဲ့ အပြောင်းအလဲမျိူး ဖြစ်လာဖို့ဆိုရင် PDF များအပါအဝင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေဟာ စစ်ရေးအရ အောင် မြင်မှု အတိုင်းအတာ တစ်ခုထိရဖို့ လိုပါတယ်။ အဲဒီ အောင်မြင်မှုကို ရပြီဆိုရင် ထိုင်း နဲ့ အိန္ဒိယတို့အနေနဲ့ သူတို့ရဲ့ အမြင်တွေ သူတို့ရဲ့ ဆက်ဆံပြုမူပုံတွေဟာ တော်တော်လေးကို ပြောင်းလဲလာမယ် ဆိုတာကို အဓိက ပြောချင်ပါတယ်။
ဆိုလိုတာက ပြည်တွင်းမှာရှိတဲ့ စစ်ရေးအခြေအနေ အပြောင်းအလဲပေါ်မှာ မူတည်ပြီး နိုင်ငံတကာရဲ့ အမြင်နဲ့ သူတို့ရဲ့ မူဝါဒတွေက ပြောင်းလဲလာမယ် ဆိုတာကို ဆိုလိုချင်တာပါ။ အိမ်နီးချင်းနိုင်ငံတချို့နဲ့ ချိပ်ဆက်ပြီး ပြောရမယ်ဆိုရင်လည်း လက်ရှိအခြေအနေမှာ စစ်တပ်အနေနဲ့ မနိုင်ဘူးဆိုတာကိုတော့ သူတို့သိတယ်။ ဒါပေမဲ့ ဘယ်သူနိုင်မယ်ဆိုတာကိုတော့ သူတို့ မသိဘူး။ ဘယ်သူနိုင်မယ်ဆိုတာ မသိတဲ့အခြေအနေမှာ အ ကျိုး စီးပွားတွေကလည်း ရှိတော့ သူတို့အနေနဲ့ ဘယ်သူ့ရဲ့ ရန်သူအနေနဲ့ မဖြစ်ချင်ဘူး ဆိုတာပါပဲ။
ဒါပေမယ့် တကယ်လို့များသာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အားသာသွားပြီဆိုတာ မြင်သာတဲ့အခါကျရင် သူတို့အနေနဲ့ လက်နက်ကတော့ ထောက်ပံ့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း လက်နက်ရောင်းဝယ်တဲ့ လမ်းကြောင်းတွေနဲ့ ပုဂ္ဂလိက လက်နက်သယ်တဲ့ လမ်းကြောင်းတွေကို သူတို့ မျက်စိမှိတ်ပေးမယ်။ မမြင်ချင်ယောင်ဆောင်ပေးမယ်။ မတွေ့သလို လုပ်ပေးမယ်။ အဲဒီအခါကျရင်တော့ မြန်မာပြည်ထဲကို လက်နက်ခဲယမ်း တွေ ပုဂ္ဂလိကစျေးကွက်ကနေ ဖောဖောသီသီနဲ့ ဝင်လာတမျိူးတွေ ဖြစ်လာနိုင်ပါတယ်။။
အချုပ်အားဖြင့် တနှစ် နှစ်နှစ်အတွင်း မြန်မာပြည်ရဲ့ နိုင်ငံရေး ရုပ်ချည်းပြောင်းလဲနိုင်မယ့် ဖြစ်ရပ်မျိုး ဖြစ်လာမယ်လို့ မထင်ပါဘူး။ ဖြေးဖြေးချင်း တိုးတက်ပြီးတော့မှ ပြောင်းလာတဲ့ အပြောင်းအလဲပဲ ပိုပြီးဖြစ်နိုင်ခြေ ရှိပါတယ်။ ဥပမာအားဖြင့် ပြည်ပက စစ်ရေး အကူအညီမျိုး ဆိုတာထက် EAO တွေနဲ့ PDFအပါအဝင် တော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုအားကောင်းလာမယ်။ အဲဒီကတဆင့် တော် လှန်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ရည်ခိုက်ရည် ကောင်းလာတယ်။ သိသာတဲ့ အောင်မြင်မှု တချို့ ရလာမယ်။ ဒီအောင်မြင်မှုတွေကို သိမြင်ပြီးနောက် ပိုင်း တခြားသော နိုင်ငံတွေဟာ သူတို့ရဲ့ မူဝါဒတွေကို ဖြည်းဖြည်းချင်း ပြောင်းလဲလာတဲ့ ဖြစ်စဉ် ပေါ်ပေါက်လာပြီး အဲဒါတွေကတဆင့် မြန်မာ့နိုင်ငံရေး ဖြစ်စဥ်တခုလုံး ပြောင်းလဲလာမယ်ဆိုတဲ့ ဖြစ်နိုင်ခြေက ပိုများပါတယ်လို့ Anthony Davis ကဆိုတာပါ။
ဒီလို ဖြစ်ပေါ်တိုးတက်မှု ဖြစ်ထွန်းလားဖို့အတွက်ဆိုရင် လိုအပ်မှုတွေ ရှိနေဆဲပါ။ NUG အနေနဲ့ အဓိက စစ်ရေးပစ်မှတ်တွေကို Chain of Command ထဲကနေ စနစ်တကျ လုပ်ဆောင်နိုင်မှုအပိုင်းမှာ ယခင်ကထက် အားကောင်းလာတယ်လို့ သုံးသပ်လို့ရပေမဲ့၊ မြေပြင်က တိုင်း ရင်းသား လက်နက်ကိုင်တွေနဲ့ စစ်ရေးအရ နိုင်ငံရေးအရ ဒီထက်ပိုမို ချိတ်ဆက်ပြီး မဟာဗျူဟာမြောက် တိုက်ပွဲတွေ ပိုမိုဖော်ဆောင်ဖို့ လိုအပ်နေသေးတယ်ဆိုတာကို တွေ့ရတယ်။
လက်ရှိမှာလည်း NUG အနေနဲ့ KNLA ၊ KIA ၊ KNPP နဲ့ CNF တို့လို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက် ဆောင် ရွက်နေတာတွေ ရှိနေသလို အခြားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့လည်း သွယ်ဝိုက် ချိတ်ဆက်ဆောင်ရွက်နေတာ ရှိနေပြီး၊ စုစည်းတိုက်ခိုက်မှုတွေမှာလည်း တိုးတက်ကောင်းမွန် လာတယ်လို့ ဆိုနိုင်ပေမယ့် တော်လှန်ရေးတစ်ခုလုံးကြီးကို အောင်မြင်ပြောင်းလဲနိုင်တဲ့ အရွေ့တခုအတွက် စစ်ရေးတင်မကပဲ နိုင်ငံရေးအရပါ မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နေတယ် ဆိုတဲ့ လက္ခဏာရပ်တွေကိုတော့ မတွေ့ရသေးပါဘူး။
တကယ်တမ်း တော်လှန်ရေး တိုးတက်ပြောင်းလဲမှု ဖြစ်လာဖို့ ဆိုရင် အခုထက်ပိုပြီး ထိရောက်တဲ့ အောင်မြင်မှုတွေ ရှိဖို့ လိုအပ်ပါတယ်လို့ပြောရင်း Anthony Davis က သူရဲ့ဆွေးနွေးမှုကို အခုလို အဆုံးသတ်ခဲ့ပါတယ်။
“အင်္ဂလိပ်စကားပုံ တခုရှိပါတယ်။ အဲဒါဘာလဲဆိုရင် အောင်မြင်မှုက အောင်မြင်မှုကို မွေးထုတ်ပေးတယ် လို့ ဆိုထားတာပါ။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် စစ်ရေးမှာ (သိသာထင်ရှားတဲ့) အောင်မြင်မှု တစ်ခုခု ရလာပြီဆိုရင် အဲဒီပေါ်မှာ အခြေခံပြီးတော့မှ နောက်ထပ် အောင်မြင်မှုတွေ တဆင့်ပြီးတစ်ဆင့် ဖြစ်လာလိမ့်မယ် ဆိုတဲ့သဘောပါ။ ဒါပေမဲ့ လက်ရှိမှာတော့ အဲဒီ အနေအထားတော့ မရောက်သေးဘူးလို့ ဆိုရမှာပါ”
(မြန်မာ့အရေးနဲ့ ပတ်သက်ပြီး “၂၀၂၃ ခုနှစ်အတွင်း မြန်မာ့စစ်ရေး တိုးတက်ပြောင်းလဲလာနိုင်မှုအပေါ် အကဲဖြတ်ခြင်း” ခေါင်းစဥ်နဲ့ ကျင်းပခဲ့သည့် အွန်လိုင်းဆွေးနွေးပွဲအတွင်း စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ သုသေသီ Anthony Davis ၏ ဆွေးနွေးချက်များကို ဆီလျှော်အောင် ပြန်လည်ရေးသားတင်ပြထားခြင်း ဖြစ်ပါသည်)။ khit thit
Like this:
Like Loading...