ကိုးကန့်ဒေသ MNDAA လက်ထဲသို့ အလုံးစုံပြန်လည်ရရှိရေး ရပ်တည်တိုက်ပွဲဝင်သွားမည်ဟု AA နှင့် TNLA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ (၁) ကို ကိုးကန့်တပ်မတော် (MNTJP/ MNDAA) လက်ထဲသို့ အလုံးစုံ ပြန်လည်ရရှိရေးအတွက် ရပ်တည်တိုက်ပွဲဝင်သွားမည်ဟု AA နှင့် TNLA တပ်ဖွဲ့တို့က ပြောကြားလိုက်သည်။
ယနေ့မတ်လ ၁၁ ရက်နေ့တွင် ကျရောက်သော (၃၄) နှစ်မြောက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နေ့ အခမ်းအနားသို့ ရက္ခိုင့်တပ်တော် (AA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့မှ ပေးပို့သော သဝဏ်လွှာတွင် ထိုသို့ပြောကြားထား သည်။
MNDAA ၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ၊ ကိုးကန့်လူမျိုးများ မျှော်လင့်နေသော မျှော်မှန်းချက်များ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်နိုင်ပါစေကြောင်းလည်း AA နှင့် TNLA တပ်ဖွဲ့က ထည့်သွင်းပြောထားသည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၊ ရက္ခိုင့်တပ်တော် (AA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော် (TNLA) တို့သည် မြောက်ပိုင်းညီနောင် မဟာမိတ်များ ဖြစ်ကြသည်။
ကိုးကန့်တပ်မတော် MNDAA ကို ကိုးကန့်အမျိုးသားခေါင်းဆောင် ဦးဖုန်ကြားရှင် ဦးဆောင်ပြီး ၁၉၈၉ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် တည် ထောင်ခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံ၏ ပထမဆုံးသော အထူးဒေသ (၁) ဖြစ်လာခဲ့ပြီး “ဝ” UWSA ၊ မိုင်းလား (NDAA) များကဲ့သို့ ဖွံ့ဖြိုးတိုးတက်သော ဒေသအဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာ ရပ်တည်ခဲ့သည်။
၂၀၀၉ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် မြန်မာစစ်တပ်က နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးသည်ကို လက်မခံသောကြောင့် မြန်မာစစ်တပ်နှင့် MNDAA တပ်ဖွဲ့တို့ကြား တင်းမာမှုဖြစ်ပြီး နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်တွင် MNTJP ဥက္ကဋ္ဌ ဦးဖုန်တာရွှင် ဦးဆောင်ပြီး ကိုးကန့်နယ်မြေကို ပြန်လည်ရရှိရေး၊ ကိုးကန့်အဖွဲ့ အစည်း၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရေး အတွက် ဘဝတူညီနောင်မဟာမိတ်များနှင့် လက်တွဲ တိုက်ပွဲဝင်နေကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
အလားတူ MNDAA သည် စစ်အာဏာရှင်ကို တိုက်ထုတ်နေကြသည့် တော်လှန်ရေး အဖွဲ့ အစည်းများ၊ ပြည်သူ့ယုံကြည်မှု၊ ထောက်ခံမှု ရရှိထားသော အဖွဲ့အစည်းများ နှင့်လည်း ဟန်ချက်ညီညီ တိုက်ပွဲဝင်သော အဖွဲ့အစည်းလည်း ဖြစ်သည်။mizzima