စစ်ကောင်စီတပ်ဖွဲ့ဖမ်းဆီးသွားသည့် လက္ကပင်ကျေးရွာမှ လူငယ် ၄ဦးနှင့် အဆက်အသွယ်မရသေး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာ၌ ပြည်ကြီးတံခွန် သပိတ်အင်အားစုဦးဆောင်ဆရာတော် ဦးအဂ္ဂဝံသနှင့်အတူ မတ်လ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် လူငယ်လေးဦးနှင့် ယနေ့မတ်လ ၁၁ရက်အထိ အဆက် အသွယ်မရသေးကြောင်း ဒေသခံများကပြောသည်။

“ပြည်ကြီးတံခွန်ဆရာတော်ကိုတော့ ၅ ရက်နေ့ က ဖမ်းဆီးပြီးတော့ လူဝတ်လဲလိုက်တယ်။ ၉ ရက်နေ့မှာပဲ ဘိုးမင်းကင်းအထိုင်စခန်းကနေ စစ်ကိုင်းတပ်မ (၃၃)ကို ဆရာတော်ကို ခေါ်ဆောင်သွားတယ်လို့လည်း သိရတယ်။ ကျန်ဒေသခံ လက္ကပင်ရွာသား လေးဦးကိုတော့ အခုအချိန်အထိ အဆက်အသွယ် မရသေးဘူး သေသလား ရှင်သလားမသိရသေးဘူး” ဟု ဒေသခံတစ်ဦးက မတ်လ ၁၁ရက် ညနေတွင် မဇ္ဈိမကို ပြောသည်။

ဦးအဂ္ဂဝံသနှင့်လူငယ်လေးဦးကို စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦးအားသတ်ဖြတ်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းက ဖမ်း ဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်သားများသည် မတ်လ ၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် လက္ကပင်ရွာထဲသို့ ရုတ်တရက် ဝင်ရောက် စီးနင်း၍ ဒေသခံ ၂၀၀ ကျော် အား ဖမ်းဆီးကာ ရွာတောင်ပိုင်းရှိ ဘုရားကြီးကျောင်းတိုက်အတွင်းသို့ ခေါ်ဆောင်သွားကြောင်း၊ ထိုအထဲမှ လူငယ်ခြောက်ဦးကိုရွေး ထုတ်၍ ကြိုးတုပ်ရိုက်နှက်စစ်မေးခြင်းများပြုလုပ်ခဲ့ကြောင်း မြင်းမူသတင်းမှန်ပြန်ကြားရေအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

“ဖမ်းဆီးခြင်းခံထားရတဲ့လူငယ်ခြောက်ဦးကို ကြိုးတုပ်ရိုက်နှက်ပြီး စစ်မေးတာတွေလုပ်တယ် ။ အဲ့အထဲကတစ်ယောက်က အဲ့နေ့မှာပဲ သူတို့အလစ်အငိုက်မှာထွက်ပြေးလွတ်မြောက်သွားတယ်။ နောက်ရက် မတ်လ ၆ ရက်နေ့မှာ ကျန်ခဲ့တဲ့ လူငယ်ငါးဦးထဲက တစ်ယောက်ကို မြစ်ဆိပ်ဘက်ကို ခေါ်သွားပြီး သတ်လိုက်တယ်။ ပြီးတော့ မြစ်ထဲကို မျှောလိုက်ကြတာ” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ကသတ်ဖြတ်ပြီး မြစ်ထဲမျှောလိုက်သည့် လူငယ်သည် လက္ကပင်ရွာသား အသက် ၃၀အရွယ် ကိုစိုးထိုက် ဆိုသူဖြစ်ကြောင်းသိရသည်။ ကိုစိုးထိုက်၏ရုပ်အလောင်းကို မတ်လ ၉ ရက်နေ့ တွင် မြောင်မြို့နယ်ရှိ ကျေးရွာတစ်ရွာ၏ သောင်စပ်တွင် ပြန်လည်တွေ့ ရှိခဲ့ပြီး သင်္ဂြိုလ်ပေးခဲ့ကြောင်း မြင်းမူသတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၅ ရက်နေ့က ဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိနေသည့် အမျိုးသမီးတစ်ဦးနှင့် အမျိုသားနှစ်ဦးကိုလည်းသတ်ဖြတ်ခဲ့ပြီး မတ်လ ၆ ရက်နေ့ နေ့လယ်ပိုင်းတွင် မြစ်ထဲသို့မျှောပစ်လိုက်ကြောင်း မြင်းမူသတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတ်ဖြတ်ခံရသူနှစ်ဦးနှင့်ပတ်သက်၍“ပြည်ကြီးတံခွန်ဆရာတော်ဆီကိုလာတဲ့သူလား ဘုရားကြီးကျောင်းတိုက်ကို စစ်ရှောင်လာတဲ့ ပြည်သူလားဆိုတာတော့ အတည်ပြုလို့ မရဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သားများသည် လက္ကပင်ကျေးရွာမှ မတ်လ ၇ ရက်နေ့ မနက်ပိုင်းတွင် ထွက်ခွာသွားပြီး ၎င်းတို့ နှင့်အတူ လူငယ်လေးဦးကို ဖမ်း ဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ဦးကို မတ်လ ၁ရက်က သတ်ဖြတ်ခဲ့ပြီး အစုလိုက်အပြုံလိုက်သတ် ဖြတ်မှုကျူးလွန်ခဲ့သည့် ယင်းဖြစ်ရပ်အတွက် စစ်ကောင်စီကို အရေးယူနိုင်ရန် ကြိုးစားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s