ပလက်ဝတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံး၊ ဒဏ်ရာရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ မတ်လ ၉ ရက်က တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၈ ယောက်သေဆုံးကာ ၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ CDF-ပလက်ဝကနေ သိရပါတယ်။
မတူပီမြို့နယ် လိုင်လင်းပီမြို့ကနေ ထေဘွေ့စခန်းကို အင်အားဖြည့်ဖို့သွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပလက်ဝမြို့နယ် ကိန်းကန်းကုန်းရွာနဲ့ စခီဟာရွာကြားက လာကီချောင်းထဲမှာ မနေ့ မတ်လ ၉ ရက် မနက် ၁၀ နာရီ ၅၄ မိနစ်ကနေ ၁၁ နာရီ ၄၁ မိနစ်ထိ တကြိမ်၊ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်ကနေ ၁၂ နာရီ မိနစ် ၄၀ အထိ တကြိမ် CNA နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ CDF-ပလက်ဝရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၈ ယောက်သေဆုံးကာ ၁၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ပလက်ဝမြို့နယ်မှာ မတ်လ ၈ ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးကာ ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။DVB