မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ငွေကောက်ခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ ဗုံးပစ်တိုက်ခိုက်ခံရ၍ ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်း ခင်မွန်ဘက်စုံခြံရှေ့တွင် ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ မတ်လ ၁၀ ရက် ညနေပိုင်းတွင် လက်ပစ်ဗုံးဖြင့် သွားရောက်ပစ်ခတ် ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးသွားကြောင်း Shan Shan Tauk အဖွဲ့ ခေါင်းဆောင် ဗိုလ်အုန်းဒိုင်းက ပြောသည်။
“ခင်မွန်ရွာ ဘက်စုံခြံရှေ့မှာ ကားတွေဆီက ဆက်ကြေးကောက်နေတာ ရှစ်ယောက်လောက်နဲ့၊ အဲ့ဒါကို ကျနော်တို့က ဆိုင်ကယ် နှစ်စီး လူငါးယောက် လက်ပစ်ဗုံးနဲ့ သွားပစ်တာ အဲ့မှာ နှစ်ကောင်က ထိထိမိမိထိသွားတယ်” ဟု ၎င်းကပြောသည်။
လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဗိုလ်အုန်းဒိုင်းက ဆိုသည်။
“ သူပစ် ကိုယ်ပစ် မိနစ်အနည်းငယ် ဖြစ်ပွားခဲ့တာပါ။ ကျတော်တို့ ဘက်က ဆုတ်ပစ် ပစ်ရတာပါ” ဟု ၎င်းကပြောသည်။
ယခင်က ခင်မွန်ဘက်စုံခြံရှေ့တွင် ဂိတ်ချ၍ ငွေကောက်ခြင်းမျိုး မရှိခဲ့သော်လည်း ယခုရက်ပိုင်း တပ်အပြောင်းအလဲ လုပ်ပြီးနောက် ဂိတ်ဖွင့်၍ ဆက်ကြေးတောင်းခံခြင်းဖြစ်ကြောင်း ဗိုလ်အုန်းဒိုင်း က ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ ကလည်း မုံရွာမှထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်တစ်စီးကို မုံရွာ-ချောင်းဦးလမ်း ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်တွင် ထိခိုက် မှုများရှိခဲ့ကြောင်း သိရသည်။mizzima